close

စမ်းချောင်း ရဲစခန်း အပါအဝင်နေရာအချို့ကို လက်တုံ့ပြန် တိုက်ခိုက်

ရန်ကုန်၊ ကြည့်မြင်တိုင်မှာ ငြိမ်းချမ်းစွာဆန္ဒပြနေသူတွေကို ကားနဲ့တိုက်သတ်၊ သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့ စစ်ကောင်စီတပ်တွေကို  နေ့တွင်းချင်း တုံ့ပြန်တိုက်ခိုက်ခဲ့တယ်လို့ ရန်ကုန်တိုင်း စစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

မနေ့ည ၈ နာရီလောက်က စမ်းချောင်းမြို့နယ်၊ အမှတ် ၂၄ ရဲစခန်းမှာ တပ်စွဲထားတဲ့ စစ်တပ်ကို  ပြည်သူ့တော်လှန်ရေးအင်အားစုတွေက ပစ်ခတ် တိုက်ခိုက်ခဲ့ရာမှာ စစ်သားတချို့ သေဆုံး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့  ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ပြီးတော့ ခရမ်းမြို့မရဲစခန်းနဲ့ ဌာနဆိုင်ရာ ရုံးအဆောက်အအုံတခုထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို မနေ့ည ၈ နာရီခွဲလောက်က ၄၀ မမ ဗုံးသီးနဲ့ ခရမ်းမြို့နယ် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

လှိုင်သာယာမြို့နယ်၊ အမှတ် ၉ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးနဲ့ တပ်မတော်အထည်ချုပ် စက်ရုံနားက စစ်ကောင်စီတပ်တွေ တပ်စွဲထားရာနေရာတွေကို ပေါက်ကွဲအားပြင်းတဲ့ ဗုံးတွေသုံးပြီး နွေဦးတော်လှန်ရေးမီးတောက် (Spring Revolution Flames- SRF) အဖွဲ့က မနေ့ည ၉ နာရီခွဲလောက်မှာ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၆၁ ရပ်ကွက်မှာလည်း စစ်ကောင်စီတပ်တွေရဲ့ စီးပွားရေး ဒေါက်တိုင်တခုဖြစ်တဲ့ OMINI FOCUS ကုမ္ပဏီပိုင် YBS 99 ယာဉ်လိုင်းဆီကို စစ်ကောင်စီတပ်တွေ လာနေတုန်း အာဏာသိမ်းဆန့်ကျင်ရေးနဲ့ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ (Anti-Coup People’s Liberation Force, ACPLF) အဖွဲ့က အဝေးထိန်း ဗုံး ၂ လုံး သုံးပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒီတိုက်ခိုက်တာတွေကြောင့် စစ်ကောင်စီတပ်သားတွေ ထိခိုက် ဒဏ်ရာရ သေဆုံးမှု အခြေအနေကိုတော့ အသေးစိတ်စုံစမ်းဆဲဖြစ်တယ်လို့  ဆိုပါတယ်။

ဒါတွေဟာ “ပျံလွှားအောင်” စစ်ဆင်ရေးရဲ့ အစိတ်အပိုင်းတခုဖြစ်ပြီး အခက်အခဲတွေကြားက နေ့တွင်းချင်း စီစဉ်ခဲ့တာဖြစ်သလို စစ်ဆင်ရေးအရှိန်ကို ဆက်မြှင့်သွားမှာဖြစ်လို့ ပြည်သူတွေအနေနဲ့လည်း စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို တတ်နိုင်သမျှ ပံ့ပိုးကူညီတာ၊ ပူးပေါင်းပါဝင်တာတွေကို အရှိန်မပျက် ဆက်လုပ်သွားကြဖို့ တိုက်တွန်းထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up