ဂျာဗားကျွန်း မီးတောင် ယနေ့နံနက် ၂ ကြိမ် ထပ်မံပေါက်ကွဲ

အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းပေါ်က အမြင့်ဆုံးတောင်ဖြစ်တဲ့ ဆေမေရူမီးတောင်ဟာ ဒီဇင်ဘာ ၆ ရက်မနက်မှာ ၂ ကြိမ် ထပ်မံပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
မီးတောင်ဟာ ဒေသစံတော်ချိန် မနက် ၈ နာရီ ၃၈ မိနစ်မှာတကြိမ်နဲ့ ၈ နာရီ ၅၇ မိနစ်မှာ တကြိမ် ပေါက်ကွဲခဲ့တာလို့ မျက်မြင်သက်သေတွေက ပြောကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
ဒီဇင်ဘာ ၄ ရက်နေ့ကစပြီး မီးတောင်ပေါက်ကွဲတာကြောင့် သေဆုံးသူဦးရေ ၁၄ ယောက်နဲ့ အယောက် ငါးဆယ်ကျော် ဒဏ်ရာရခဲ့ပြီး အများစုက အပူလောင်ဒဏ်ရာတွေ ရထားပါတယ်။
မီးတောင်ကနေ မှုတ်ထုတ်လိုက်တဲ့ ပြာတွေဟာ ပတ်ဝန်းကျင်ရွာတွေက ကောင်းကင်ပြင်မှာ လွှမ်းခြုံနေတာပါ။
မိုးအကြီးအကျယ် ရွာနေပြီး လေပြင်းတိုက်နေတဲ့အတွက် ဒီဇင်ဘာ ၆ ရက်နေ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ ယာယီရပ်ထားပြီး အန္တရာယ်ရှိသေးတာကြောင့် ဒေသခံတွေ သတိနဲ့ နေကြဖို့ အရာရှိတွေက တိုက်တွန်းထားပါတယ်။
ဆေမေရူမီးတောင်ဟာ အင်ဒိုနီးရှားနိုင်ငံမှာရှိတဲ့ မီးတောင်ရှင်အလုံး ၁၃၀ ဝန်းကျင်ထဲကတလုံးပါ။
ပစိဖိတ်မီးကွင်းကြီးလို့ခေါ်တဲ့ ကမ္ဘာ့ကျောက်လွှာချပ်ကြီးတွေ စုဆုံရာ နေရာမှာရှိတဲ့ အင်ဒိုနီးရှားမှာ မီးတောင်ရှင်တွေသာမကဘဲ ငလျင်လှုပ်ရှားမှုလည်း ထူပြောပါတယ်။