close

ရေးမြို့နယ်အတွင်း စစ်ကောင်စီနှင့် ကေအန်ယူ တိုက်ပွဲဖြစ်

မွန်ပြည်နယ်၊ ရေးမြို့နယ် ဝမ်းရေးတောင်အနောက်ဘက်ခြမ်းမှာ ဒီဇင်ဘာ ၆ ရက်နေ့ မနက် ၉ နာရီလောက် စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တို့ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဝမ်းရေးတောင်အနောက်ဘက်ခြမ်း ကေအန်ယူ တပ်မဟာ ၆ ထိန်းချုပ်နယ်မြေထဲ နှစ်ဖက်ပစ်ခတ်မှုအတွင်း စစ်ကောင်စီဘက်က ၃ ဦးကျဆုံးခဲ့ပြီး ကေအန်ယူဘက်က ထိခိုက်ကျဆုံးမှုမရှိဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီက ကေအန်ယူ ထိန်းချုပ်နယ်မြေအတွင်း စစ်ရေး စတင်လှုပ်ရှားခဲ့တာကြောင့် အခုလို ထိတွေ့ပစ်ခတ်မှုတွေ ဖြစ်လာခဲ့တာလို့ သိရပါတယ်။

စစ်ကောင်စီတပ်မှ ၃ ဦးသေဆုံးကြောင်း၊ KNLA ဘက်က ထိခိုက်ကျဆုံးမှု မရှိကြောင်း ဒူးပလာယာခရိုင်ကလည်း သတင်းထုတ်ပြန်ပါတယ်။

ဒီဇင်ဘာလ ၅ ရက်က စစ်ကောင်စီရဲ့ ခလရ ၁၀၆ တပ်ရင်းဟာ ဝါပေါ်ကျေးရွာသား ဆင်ထိန်းသမား ၁ ဦးကို PDF အဖွဲ့ကဆိုပြီး စွပ်စွဲကာ အတင်းအဓမ္မဖမ်းဆီးသွားခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့  နိုဝင်ဘာလအတွင်း ကေအန်ယူ ထိန်းချုပ်နယ်မြေတွေမှာ စစ်ကောင်စီလက်အောက်ခံတပ်နဲ့  တိုက်ပွဲပေါင်း ၂၀၆ ကြိမ်အထိ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က နယ်ခြားစောင့် BGF တပ်ဖွဲ့အပါအဝင် ၁၅၉ ဦး ကျဆုံးခဲ့ပြီး ၁၅၉ ဦး ဒဏ်ရာရခဲ့တယ်လို့ ကေအန်ယူက ထုတ်ပြန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up