တောင်ကိုရီးယားတွင် ကိုဗစ်-၁၉ အသစ်ကူးစက်ခံရသူ လူ ၇,၀၀၀ ကျော်ရှိ

တောင်ကိုရီးယားနိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ရောဂါ နေ့စဉ် အသစ်ကူးစက်ခံ လူဦးရေဟာ ပထမဆုံး အနေနဲ့ အယောက် ၇,၀၀၀ ကျော်သွားပြီလို့ ဝန်ကြီးချုပ် ကင်မ်ဘူကယောင်းက ဒီဇင်ဘာ ၈ ရက်မှာ ပြောပါတယ်။
သေဆုံးသူနဲ့ ဝေဒနာ ဆိုးရွားပြင်းထန်သူ လူဦးရေတိုးလာလို့ ဆေးရုံတွေရဲ့ လူနာလက်ခံနိုင်စွမ်း ဝန်ပိခဲ့ပါတယ်။
ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံလူနာတွေ အိမ်မှာပဲ ကုသချိန်မှာ ကြီးကြပ်ဖို့နဲ့ ဝေဒနာ ပြင်းထန်ဆိုးရွားလာတဲ့သူတွေအတွက် ဆေးရုံကို အရေးပေါ်လွှဲပေးတဲ့စနစ် တိုးတက်ဖို့ နောက်ထပ် အရာရှိတွေကို အစိုးရက စီစဉ်ပေးမယ်လို့လည်း ကင်မ်က ကိုဗစ်-၁၉ ကပ်ဘေးတုံ့ပြန်ရေး အစည်းအဝေးမှာ ပြောပါတယ်။
ဆေးရုံကြီးတွေမှာသာမကဘဲ ပုဂ္ဂလိကဆေးခန်းတွေမှာပါ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံ လူနာတွေကို ကုသခွင့်ပေးတော့မှာပါ။
တောင်ကိုရီးယား တနိုင်ငံလုံးမှာ ကပ်ရောဂါ ကူးစက်ခံ လူဦးရေ စုစုပေါင်းရဲ့ ၈၀ ရာခိုင်နှုန်းဟာ ဆိုးလ်မြို့တော်ဝန်းကျင်ဒေသတွေမှာ ရှိပြီး ဆေးရုံတင်လူနာတွေအတွက် ခုတင် လောက်ငရေး အာဏာပိုင်တွေ ကြိုးစားရုန်းကန်နေရပါတယ်။
ဒီဇင်ဘာ ၇ ရက်က တရက်တည်းမှာ အသစ်ကူးစက်ခံ ဦးရေ ၇,၁၇၅ ယောက်ရှိပြီး ကူးစက်ခံ ၆၃ ယောက် သေဆုံးခဲ့တယ်။ အသည်းအသန် လူနာစံချိန်တင်မြင့်တက်ပြီး အယောက် ၈၄၀ ကို ဆေးရုံတွေက ကုသပေးနေတယ်လို့ တောင်ကိုရီးယား ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေး အေဂျင်စီက ပြောထားပါတယ်။