close

မကွေးတိုင်းဝန်ကြီးချုပ်အား တရားစွဲဆိုထားသူ၏ ကော်ဖီဆိုင်ဗုံးခွဲခံရ၊ ပျူစောထီးခေါင်းဆောင် ပစ်သတ်ခံရ

မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုကို လိမ်လည်တရားစွဲဆိုတဲ့အထဲမှာ ပါဝင်သူပိုင်ဆိုင်တဲ့ မကွေးမြို့၊ ကမ်းနားလမ်းက စားသောက်ဆိုင်တခု ဒီဇင်ဘာ ၁၁ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်က ဗုံးခွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။

စားသောက်ဆိုင်နဲ့နီးစပ်သူတဦးက “ပိုင်ရှင်က ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုကို လိမ်လည်ပြီး တရားစွဲထားတဲ့အထဲမှာပါတယ်။ ဆောက်လုပ်ရေးကုမ္ပဏီ ထောင်ထားသေးတယ်။ သူ့အဖေက အေးချမ်းဖြိုးကောင်စီခေတ်က အကောင်ကြီးကြီးထဲကပဲ သေတာကြာပြီ။ စစ်တပ်နဲ့အရမ်းပလဲပနံသင့်တဲ့မိသားစုပေါ့” လို့ ပြောပြပါတယ်။

အဆိုပါဗုံးခွဲတိုက်ခိုက်မှုကြောင့် အဆောက်အဦနဲ့ ပရိဘောဂပစ္စည်းအချို့ ပျက်ဆီးသွားတယ်သိရပြီး လူထိခိုက်မှုရှိ၊ မရှိကိုတော့ သီးခြားအတည်ပြုနိုင်ဖို့ ဆက်လက်စုံစမ်းနေပါတယ်။

ဗုံးခွဲတိုက်ခိုက်ခံရတဲ့ စားသောက်ဆိုင်အနီး ပေ ၅၀၀ ဝန်းကျင်မှာ စစ်ကောင်စီတပ်သားတွေ တပ်စွဲနေထိုင်တဲ့ ဂိတ်တခုရှိတာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်သားတွေအနေနဲ့ သတိထားပြီးဆောင်ရွက်ကြဖို့ အမည်မဖော်လိုတဲ့ဒေသခံတွေက ပြောဆိုနေကြပါတယ်။

မနေ့က ဒီဇင်ဘာ ၁၁ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်ကလည်း မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ တံခွန်တိုင်ကျေးရွာက ပျူစောထီးခေါင်းဆောင် ကိုဇော်ခိုင် ပစ်သတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

“ပျူစောထီးတွေကို စစ်သင်တန်းပေးနေတဲ့ တံခွန်တိုင်က ဇော်ခိုင်ကိုသွားရှင်းတော့ ငတိက ၄ ချက်ပြန်ပစ်လို့ ၁၀ တောင့်ကျွေးလိုက်တယ်။ ကျနော်တို့ရဲဘော်တယောက်တော့ ကျည်ရှပ်မှန် ဒဏ်ရာရခဲ့တယ်။ ဒါပေမယ့် အသက်အန္တရာယ်မစိုးရိမ်ရပါဘူး” လို့ ဗိဿနိုးနယ်မြေပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ထန်ထွဋ်က အတည်ပြုပြောဆိုပါတယ်။

အဆိုပါတိုက်ခိုက်မှုတွေကို ဗိဿနိုးနယ်မြေပြည်သူ့ကာကွယ်ရေးတပ်မတော်၊ MDA နဂါးတပ်ဖွဲ့နဲ့ ငါးပြေမပျောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ MDA နဂါးအဖွဲ့တာဝန်ခံက ဆိုပါတယ်။

ကိုဇော်ခိုင် ရဲ့ မိသားစုဝင်တဦးက “အခုလိုဖြစ်မှာစိုးလို့ အဲ့အလုပ်တွေမလုပ်ပါနဲ့တော့လို့ အတန်တန်သတိပေးနေတာကို ဆက်လုပ်တော့ခံရပြီလေ။ စစ်တပ်ကိုကာကွယ်ပြီး အသက်ပေးရတာပေးရတာ မတန်လိုက်တာကွယ်” လို့ ရင်ဖွင့်ပြောပါတယ်။

ပြည်သူ့ဘက်တွင်မရပ်တည်ဘဲ စစ်တပ်အလိုကျလုပ်ကိုင် ဆောင်ရွက်ပေးနေသူတွေနဲ့ စစ်အာဏာရှင် အမြစ်ပြတ်တဲ့အထိ တိုက်ခိုက်ရေးအရှိန်မြှင့်ကာ ဆက်လက်တိုက်ခိုက်သွားမယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up