အီတလီတွင် ဓာတ်ငွေ့ပေါက်ကွဲမှုကြောင့် ၇ ဦးထက်မနည်း သေဆုံး၊ ၂ ဦး ပျောက်ဆုံး

အီတလီနိုင်ငံ စစ္စလီကျွန်းပေါ်က ရာဗာနူစာမြို့မှာ သံသယဖြစ်ဖွယ် ဓာတ်ငွေ့ပေါက်ကွဲမှုကြောင့် လူ ၇ ယောက်ထက်မနည်း သေဆုံးပြီး အိမ်အပျက်အစီးတွေအောက်မှာ ပျောက်ဆုံးနေသူ ၂ ယောက်ကို ကယ်ဆယ်ရေးသမားတွေက ဒီဇင်ဘာ ၁၃ ရက် မနက်မှာ ဆက်လက် ရှာဖွေနေတယ်လို့ အမျိုးသားမီးသတ်ဌာနက ပြောပါတယ်။
မီးသတ်သမားတွေနဲ့ အရပ်ဘက်ကာကွယ်ရေးဌာနကလူတွေ မနက်အစောပိုင်းက အနံ့ခံခွေးတွေနဲ့ ရှာဖွေရာမှာ အပျက်အစီးတွေထဲကနေ ကိုယ်ဝန် ၉ လနဲ့ သူနာပြုတဦးအပါအဝင် အလောင်း ၄ လောင်းကို ရှာတွေ့ခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
ရှာဖွေကယ်ဆယ်နေသူတွေဟာ နောက်ထပ် ပြိုကျနိုင်ခြေရှိတာကြောင့် အပျက်အစီးတွေကို တစစီ သတိထား ဖယ်ထုတ်နေရတဲ့အတွက် ပျောက်ဆုံးနေဆဲ နောက် ၂ ယောက်ကို အသက်ရှင်လျက် ရှာတွေ့ဖို့ မျှော်လင့်ချက်နည်းတယ်လို့ အမျိုးသားမီးသတ်ဌာန ပြောခွင့်ရက ပြောပါတယ်။
တာဝန်ရှိသူတဦးက “ဒီဇင်ဘာ ၁၂ ရက်က ပေါက်ကွဲမှုကြောင့် အိမ် ၄ လုံး ပြိုကျခဲ့ပြီး တခြား ၃ လုံး ပျက်စီးခဲ့တယ်။ မြို့ရဲ့ ပိုက်လိုင်းကနေ ဓာတ်ငွေ့ယိုစိမ့်လို့ ပေါက်ကွဲတာ ဖြစ်ပုံရတယ်။ ပေါက်ကွဲရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲပါ” လို့ ပြောပါတယ်။
ဓာတ်ငွေ့ပိုက်လိုင်းသွယ်တန်းသူ ကုမ္ပဏီ အီတာဂက်စ်ကတော့ ဖြစ်ရပ်အတွက် ဝမ်းနည်းစာနာကြောင်း ဖော်ပြခဲ့ပြီး သူ့ရဲ့အရေးပေါ်ဌာနကနေ ဓာတ်ငွေ့ယိုစိမ့်မှုဆိုင်ရာ ပေးပို့ချက်တွေ မရထားဘူးလို့ ပြောပါတယ်။
ရာဗာနူဆာမြို့ဟာ စစ္စလီကျွန်း အနောက်တောင်ပိုင်း အဂရီဂျန်တိုမြို့နားက လူဦးရေ ၁ သောင်းကျော်နေထိုင်တဲ့ မြို့လေးဖြစ်ပြီး ဂရိဘုရားကျောင်းတွေကြောင့် ထင်ရှားပါတယ်။