အင်ဒိုနီးရှားတွင် အိုမီခရွန်ကူးစက်ခံရသူ တစ်ဦး စတွေ့

အင်ဒိုနီးရှားနိုင်ငံမှာ ပထမဆုံးသော အိုမီခရွတ် ကိုရိုနာဗိုင်းရပ်မျိုးကွဲ ကူးစက်ခံရမှု တွေ့ရှိခဲ့ ကြောင်း ကျန်းမာရေးဝန်ကြီး Budi Gunadi Sadikin က ဒီဇင်ဘာ ၁၆ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။
ဒီဇင်ဘာ ၁၅ ရက် ညနေပိုင်းမှာ ဂျကာတာက Wisma Atlet Kemayoran အားကစားကျေးရွာက ဝန်ထမ်းတစ်ဦးမှာ ကူးစက်ခံရကြောင်း တွေ့ရှိခဲ့တာဖြစ်ပြီး သူ့မှာ နိုင်ငံခြားခရီးသွားရာဇဝင်လည်း မရှိဘူးလို့ ဆိုပါတယ်။
ခုချိန်ထိတော့ အသိုင်းအဝိုင်းကို ကူးစက်မှု မရှိသေးပေမယ့် အိုမီခရွန် ကူးစက်ခံရမှု သံသယရှိသူ ၅ ယောက်ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။
မကြာသေးခင်ကမှ အမေရိကန်နဲ့ ဗြိတိန်ကနေ ပြန်လာတဲ့ အင်ဒိုနီးရှားနိုင်ငံသားနှစ်ဦးနဲ့ မြောက်ဆူလာဝေစီပြည်နယ် မာနာဒိုမှာ လက်ရှိ ကွာရန်တင်းဝင်နေတဲ့ တရုတ်နိုင်ငံသား သုံးဦးတို့ကို စစ်ဆေးဖို့လည်း အစိုးရက သူတို့ရဲ့မျိုးရိုးဗီဇ စိစစ်မှုကို စောင့်ဆိုင်းနေတယ်လို့လည်း ပြောပါတယ်။
တောင်အာဖရိကနဲ့ ဟောင်ကောင်တို့မှာ ပြီးခဲ့တဲ့လက စတင်တွေ့ရှိခဲ့တဲ့ အိုမီခရွန် မျိုးကွဲဟာ အခုခါ အိမ်နီးချင်း မလေးရှား၊ စင်ကာပူ၊ ထိုင်းနဲ့ ဖိလစ်ပိုင်တို့အပါအဝင် နိုင်ငံပေါင်း ၇၀ ကျော်မှာ တွေ့ရှိနေရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ထုတ်ပြန်ထားပါတယ်။