ပင်လယ်ကွေ့ အတွင်း ရေနံတင်သင်္ဘောများ ဝင်ထွက်ခွင့် အစ္စရေးပိတ်ပင်

ပျက်စီးလွယ် သန္တာကျောက်တန်းတွေ တည်ရှိရာ အစ္စရေးဆိပ်ကမ်းမြို့ကတဆင့် ပင်လယ်ကွေ့ ကနေ ဥရောပကို ရေနံတွေ ပို့ဆောင်ဖို့ အာရပ်စော်ဘွားများပြည်ထောင်စု-ယူအေအီးက မိတ်ဖက်တွေနဲ့ သဘောတူညီချက်ကို ပိတ်ပင်ထားလိုက်တယ်လို့ အစ္စရေး သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁၆ ရက်မှာ ပြောကြားခဲ့ပါတယ်။
Eilat ပင်လယ်ကွေ့ထဲကို ရေနံတင်သင်္ဘော ဒါဇင်ပေါင်းများစွာ ဝင်လာတာကို ပိတ်ဆို့ထား ပါတယ်လို့ သဘာဝပတ်ဝန်းကျင်ကာကွယ်ရေးဝန်ကြီး Tamar Zandberg က ကြေညာချက်မှာ ပြောဆိုထားပြီး အစ္စရေးဟာ ရာသီဥတုဆိုင်ရာ အကျပ်အတည်း ကာလမှာ ပတ်ဝန်းကျင်ညစ်ညမ်း မှုအတွက် ပေါင်းကူးတခုဖြစ်လာမှာမဟုတ်ဘူးလို့လည်း ဆိုပါတယ်။
ဒီကြေညာချက်ဟာ မနှစ်က အစ္စရေးနဲ့ ယူအေအီးကြား ဆက်ဆံရေးကို ပုံမှန်ပြန်လည် ထူထောင်ရေးမှ ထွက်ပေါ်လာတဲ့ အကြီးစားသဘောတူညီချက်တွေထဲက တစ်ရပ်ကို ဖျက်သိမ်း လိုက်နိုင်ဖွယ် ရှိနေပါတယ်။
ဒီသဘောတူညီချက်ကို ပိတ်ပင်ပေးဖို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေဟာ အစ္စရေးတရားရုံးချုပ်ထံကို အသနားခံခဲ့ကြတာပါ။
Emirati နဲ့ အစ္စရေးပိုင်ရှင်တွေရဲ့ ဖက်စပ်အဖွဲ့နဲ့ အစ္စရေးနိုင်ငံပိုင် ကုမ္ပဏီတစ်ခုတို့အကြား လက်မှတ်ရေးထိုးထားတဲ့ သဘောတူညီချက်အရ ပင်လယ်နီဆိပ်ကမ်း Eilat မှာ ရေနံတင် သင်္ဘောတွေက ရေနံတွေကို လက်ရှိပိုက်လိုင်းကနေပဲ အစ္စရေးကိုဖြတ်ပြီး မြေထဲပင်လယ် ကမ်းရိုးတန်းကို ရွှေ့ပြောင်း ခွင့်ပြုထားပါတယ်။
တရားရုံးချုပ်ဆီ အသနားခံစာကို တုံ့ပြန်တဲ့အနေနဲ့ ဝန်ကြီးချုပ် Naftali Bennett ရဲ့ အစိုးရဟာ ဒါကို ဝင်စွက်ဖက်မှာ မဟုတ်ကြောင်းနဲ့ အဲ့ဒီအစား သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဌာနကို ဂေဟစနစ်ဆိုင်ရာအန္တရာယ်ဖြစ်စေတဲ့ လုပ်ဆောင်ချက်တွေကို ကန့်သတ်ထားပြီး စည်းမျဉ်းဥပဒေသတွေအတိုင်း လုပ်ဆောင်ခွင့်ပြုသွားမယ်လို့ ပြောပါတယ်။
အစ္စရေးစွမ်းအင်ဝန်ကြီးဟာ အရင်ကလည်း အဲ့ဒီသဘောတူညီချက်ကို ဆန့်ကျင်ခဲ့ပြီး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိုးရိမ်မှုတွေ ရှိခဲ့တာပါ။
ဒီသဘောတူညီချက်မှာ ပါဝင်နေတဲ့ အစ္စရေးရဲ့ ဥရောပ-အာရှ ပိုက်လိုင်းကုမ္ပဏီ (EAPC) နဲ့ MED-RED Land Bridge တို့က ချက်ချင်း မှတ်ချက်မပေးသေးပါဘူး။