close

အစ္စရေးတွင် ထောင်ဖောက်ထွက်ပြေးသူ ၆ ဦးအနက် ၄ ဦး ပြန်ဖမ်းမိ

အစ္စရေးရဲ့ လုံခြုံရေးအမြင့်ဆုံး ထောင်ထဲကနေ ထွက်ပြေးသွားတဲ့ ပါလက်စတိုင်း စစ်သွေးကြွ ၆ ယောက်ထဲက ၄ ယောက်ကို အစ္စရေးစစ်တပ်က ပြန်ဖမ်းမိအပြီး စက်တင်ဘာ ၁၁ ရက်က သူတို့ကို နာဇာရတ်သ် တရားရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။

ပါလက်စတိုင်း ထောင်သားတွေဟာ စက်တင်ဘာ ၆ ရက်က ထောင်ကြမ်းပြင်ရဲ့ အပေါက်ကနေတဆင့် ထောင်ဖောက် ထွက်ပြေးသွားခဲ့လို့ ပါလက်စတိုင်းတွေ ဝမ်းသာခဲ့ပြီး အစ္စရေးတွေ အရှက်ရခဲ့တာပါ။

ထောင်ပြေးအမျိုးသား ၆ယောက်ဟာ အစ္စရေးတွေကို သေဆုံးတဲ့အထိ တိုက်ခိုက်ခဲ့တဲ့ ဒါမှမဟုတ် တိုက်ခိုက်ဖို့ စီစဉ်ခဲ့တဲ့ သံသယနဲ့ အဖမ်းခံထား ရသူတွေပါ။  ဒီကိစ္စကြောင့် အနောက်ဘက်ကမ်းဒေသနဲ့ ဂါဇာမှာ အခြေအနေ တင်းမာခဲ့ပါတယ်။

စနေညက ပါလက်စတိုင်း စစ်သွေးကြွတွေဟာ ဂါဇာကမ်းမြောင်ကနေ  အစ္စရေးဆီ  ဒုံးကျည်တစင်း ပစ်လွှတ်တိုက်ခိုက်ခဲ့ပါတယ်။

ဒုံးကျည်ကို ကြားဖြတ်ပစ်ချနိုင်ခဲ့တယ်လို့ အစ္စရေး စစ်တပ်က ပြောခဲ့ပြီး အသေအပျောက် အစီရင်ခံစာတော့ ချက်ချင်း မရသေးပါဘူး။ 

 စနေနေ့က ပြန်ဖမ်းမိသူတွေထဲက တယောက်ဟာ အယ်လ်အက်ဆာ အာဇာနည်များ တပ်မဟာက နာမည်ကျော် စစ်ဦးစီးမှူးဟောင်းလို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။ တခြားထောင်သားတွေကတော့ အစ္စလာမစ် ဂျီဟတ် အဖွဲ့ဝင်တွေပါ။

ထောင်သားတွေ ထွက်ပြေးလွတ်မြောက်ရတဲ့ လုံခြုံရေးဟာကွက်ကို စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးမယ်လို့ အစ္စရေးအရာရှိတွေက ကတိပြုထားပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up