close

မယ်လဒုက္ခသည်စခန်းတွင်း ဆန္ဒပြတောင်းဆိုမှုနှင့်ပတ်သက်၍ ညှိနှိုင်းဖြေရှင်းပေးခြင်းမရှိသေး

င်း-မြန်မာနယ်စပ်ရှိ မယ်လဒုက္ခသည်စခန်းမှာ စက်တင်ဘာ ၁၄ ရက်‌ညက ဆန္ဒပြမှုနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ပွားပြီးနောက် စခန်းအုပ်ချုပ်ရေးကော်မတီက ည ၆ နာရီနောက်ပိုင်း ညမထွက်ရ အမိန့်ကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဒါပေမဲ့ စခန်းတွင်း ဖြစ်ပွားခဲ့တဲ့ ပျက်စီးမှုတွေ၊ လူထုတောင်းဆိုမှုတွေနဲ့ပတ်သက်လို့ အခုချိန်ထိ တရားဝင်ညှိနှိုင်းဖြေရှင်းတာ မရှိသေးဘူးလို့ စခန်းမှာနေထိုင်သူတဦးက ပြောပါတယ်။

“အခု လူတွေကို ဖမ်းဆီးပြီး အရေးယူတာမျိုးတော့ မရှိသေးဘူး။ အခုတော့ လူတွေ လွတ်လွတ်လပ်လပ်သွားလာနေကြတယ်။ ဒါပေမဲ့ စခန်းကော်မတီက ထုတ်ပြန်ထားတဲ့အတိုင်း ညနေ ၆ နာရီကစပြီး မထွက်ကြဘူး။ အခု ဘယ်သူမှ ဘာမှ မဖြေရှင်းသေးဘူး။ အခုက ထိုင်းဂိတ်တွေဘာတွေ ဘာမှ မရှိတော့ဘူး။ ဒါကြောင့် ကလေးရောလူကြီးတွေပါ လမ်းပေါ်တက်ပြီး လျှောက်သွားနေကြတယ်။”

အခုချိန်ထိ အပျက်အစီးတိုင်းပဲ ရှိနေပြီး တစုံတရာ ရှင်းလင်းဆောင်ရွက်တာ မရှိသေးဘူးလို့လည်း စခန်းနေပြည်သူတွေက ပြောပါတယ်။

ဒီဇင်ဘာ ၁၄ ရက် ညက ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်နောက်ပိုင်း ဒီဇင်ဘာ ၁၅ ရက် ညမှာတော့ စခန်းကော်မတီက ညနေ ၆ နာရီကစပြီး စခန်းတွင်း နေထိုင်သူတွေ နေအိမ်အပြင် မထွက်ကြဖို့ ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် စခန်းတွင်း နေထိုင်ကြတဲ့ မိဘတွေအနေနဲ့လည်း  မိမိတို့ သားသမီးတွေကို ပဋိပက္ခ ဖန်တီးလုပ်ဆောင်မှုမှ အများပြည်သူအခွင့်အရေးထိခိုက်စေခြင်းကနေ ရှောင်ကြည်နိုင်ရေး ဝိုင်းဝန်းထိန်းသိမ်းကြဖို့လည်း မေတ္တာရပ်ခံထားပါတယ်။

ဒီဖြစ်စဉ်ဖြစ်ပြီးနောက်ပိုင်း ဒီနေ့အထိ ထိုင်းအာဏာပိုင်တာဝန်ရှိသူတွေက လာရောက်လုံခြုံရေး မချထားတော့ဘဲ မနက်ပိုင်း ခဏသာ ဈေးမှာ ဝင်ပြီး ပြန်လည်ထွက်ခွာသွားကြတယ်လို့ စခန်းတွင်းနေထိုင်သူတွေက ပြောပါတယ်။

စခန်းတာဝန်ရှိသူတဦးကတော့ အခုချိန်ထိ ထိုင်းအာဏာပိုင်အနေနဲ့ ဘာလာပြောမယ်ဆိုတာ စောင့်ဆိုင်းနေတယ်လို့ ပြောပါတယ်။

မြန်မာ-ထိုင်းနယ်စပ် မယ်လဒုက္ခသည်စခန်းမှာ ခိုလှုံနေကြတဲ့ စစ်ပြေးဒုက္ခသည်တွေကို ထိုင်းအာဏာပိုင်တွေက စခန်းအပြင်ပေးမထွက်တာ အပါအဝင်  တင်းကျပ်ပိတ်ပင် တားဆီးမှုတွေကြောင့် ဒီဇင်ဘာ ၁၄ ရက်  ညနေ ၆ နာရီလောက်ကစပြီး စခန်းသူ စခန်းသားတွေက ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ထိုင်းတာဝန်ရှိသူတွေနဲ့ စခန်းတွင်း စီးပွားရေးသမားတဦးနဲ့ပေါင်းက စခန်းတွင်းနေထိုင်သူတွေပေါ် တင်းကျပ်မှုတွေ၊ ငွေကောက်ခံမှုတွေ ဖိနှိပ်မှုတွေ လုပ်ဆောင်တယ်လို့ဆိုပြီး စခန်းနေသူတွေက စခန်းတွင်း ထိုင်းအာဏာပိုင်ရုံးတွေ၊ မနက်ဈေးရုံတွေအပြင် ထိုင်းအာဏာပိုင်တွေပိုင်တဲ့ ဆိုင်ကယ်နဲ့ ကားတွေပါ အကုန် ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up