အန်ဒီမာရေးက နာဒယ်လ်ကို အနိုင်ယူပြီး ဗိုလ်လုပွဲတက်

အာရတ်စော်ဘွားများနိုင်ငံ ယူအေအီးနိုင်ငံ၊ အဘူဒါဘီမြို့မှာ မနေ့က ယှဉ်ပြိုင်သွားတဲ့ ချစ်ကြည်ရေး တင်းနစ်ပြိုင်ပွဲ အကြိုဗိုလ်လုပွဲမှာ ကမ္ဘာ့နံပါတ်တစ် ဖြစ်ခဲ့ဖူးတဲ့ အန်ဒီမာရေးက ရာဖေးနာဒယ်လ်ကို ၆-၃ ၊ ၇-၅ နဲ့ အနိုင်ရသွားပါတယ်။
နာမည်ကျော် တင်းနစ်သမားနှစ်ယောက် ၅ နှစ်ကျော်ကာလမှာ ပထမဆုံး ပြန်လည်တွေ့ဆုံကြတဲ့ ပွဲလည်း ဖြစ်ပါတယ်။
ဒီပွဲဟာ ဂရန်းစလန်း ချန်ပီယံ အကြိမ် ၂၀ ရဖူးတဲ့ နာဒဲလ်အတွက် ၄ လအတွင်း ပထမဆုံး ပြန်ကစားတဲ့ပွဲလည်း ဖြစ်ပါတယ်။
ဒူးခေါင်းဒဏ်ရာကြောင့် နာဒယ်လ်ဟာ ဝင်ဘယ်တန်၊ တိုကျိုအိုလံပစ်နဲ့ ယူအက်စ်အိုးပင်းတို့မှာ ဝင်မပြိုင်နိုင်ခဲ့ပါဘူး။
အနိုင်ရတဲ့ မာရေးဟာ ရုရှားတင်းနစ်သမား အန်ဒရေးရူဘလက်နဲ့ ဗိုလ်လုပွဲမှာ တွေ့ရမှာဖြစ်ပြီး ရှုံးသွားတဲ့ နာဒယ်လ်ကတော့ ကနေဒါ တင်းနစ်သမား ဒန်းနစ်ရှာပိုဘောလော့ဗ်နဲ့ တတိယနေရာအတွက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။