ဂျာဗားကျွန်းပေါ်ရှိ ဆေမေရူမီးတောင် ပေါက်ကွဲ

အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းပေါ်က ဆေမေရူမီးတောင် ဒီဇင်ဘာ ၁၉ ရက် အစောပိုင်းမှာ ပေါက်ကွဲခဲ့လို့ ပြာမှုန်တွေ လေထုထဲ ၂ ကီလိုမီတာ အမြင့်ထိ ထိုးတက်ခဲ့ပြီး လူတွေ မီးတောင် အဝန်းအဝိုင်းကနေ အဝေးမှာနေကြဖို့ အာဏာပိုင်တွေက သတိပေးခဲ့ပါတယ်။
ဂျာဗားကျွန်းရဲ့ အမြင့်ဆုံးမီးတောင်ဟာ ဒီလအစောပိုင်းမှာလည်း ပေါက်ကွဲခဲ့ဖူးပြီး ပြာတိမ်တွေ မှုတ်ထုတ်ခဲ့တာပါ။
စီးဆင်းလာတဲ့ ချော်ရည်စီးကြောင်းတွေကြောင့် လူ ၄၆ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး လူအတော်များများ ပျောက်ဆုံးခဲ့ပြီး ထောင်ချီတဲ့လူတွေ အိုးအိမ် စွန့်ခွာခဲ့ရပါတယ်။
ဒီဇင်ဘာ ၁၉ ရက်နေ့မှာတော့ မီးတောင်က အဖြူရောင်နဲ့ မီးခိုးရောင် ပြာမှုန်တွေကို မှုတ်ထုတ်ခဲ့တယ်လို့ အင်ဒိုနီးရှား မီးတောင်နဲ့ ဘူမိအန္တရာယ် လျော့ပါးရေးဌာနက ပြောပါတယ်။
ချော်ရည်စီးကြောင်းတွေရဲ့ ဘေးအန္တရာယ်ကြောင့် မြစ်ဘေးကနေ ပေ ၁၅၀၀ အတွင်း ဘယ်လိုလှုပ်ရှားမှုမှ မလုပ်ကြဖို့ အေဂျင်စီက ဒေသခံတွေကို သတိပေးထားပါတယ်။
အင်ဒိုနီးရှားနိုင်ငံမှာ မီးတောင်လုံးရေ ၁၄၂ လုံးရှိပြီး မီးတောင်တွေနဲ့ ၆ မိုင်ပတ်လည်မှာ နေထိုင်သူ လူဦးရေ ၈ ဒသမ ၆ သန်းရှိတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။