ဖားကန့် မြေစာပုံပြိုကျမှုအတွင်း အလောင်း ၁ လောင်း ရှာဖွေတွေ့ရှိ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ ဒီဇင်ဘာ ၂၂ ရက် ဒီနေ့မနက် မြေစာပုံ ပြိုကျမှုအတွင်း ပျောက်ဆုံးသူတွေထဲက အလောင်းတစ်လောင်းကို ရှာဖွေတွေ့ရှိထားပြီး ပျောက်ဆုံးနေသူတွေကို ဆက်လက်ရှာဖွေနေဆဲပဲလို့ ဒေသခံ လူမှုကူညီရေးအသင်းတွေက ပြောပါတယ်။
ဒီကနေ့ မနက် ၄ နာရီလောက်က ဖားကန့်မြို့နယ် မော်စီဆာကျေးရွာအပိုင် သာယာကုန်းကျေးရွာအနီးက လုပ်ကွက်မှာ မြေစာပုံပြိုကျခဲ့တာပါ။
မြေစာပုံပြိုကျမှုကြောင့် လောလောဆယ် သေဆုံးသူတယောက်ရှိထားပြီး ပျောက်ဆုံးနေတဲ့ ကျောက်တူးဖော်သူတွေကို ဆက်လက်ရှာဖွေနေတယ်လို့ ဖားကန့် လူမှုကူညီရေးအသင်း တာဝန်ရှိသူက ပြောပါတယ်။
ကျောက်တူးဖော်သူတစ်ဦးက “မနက် ၁ နာရီလောက်ထိ ကျောက်ရှာဖွေနေတာ၊ ပြန်လာပြီး သိပ်မကြာခင်မှာပဲ မြေစာပုံပြိုကျခဲ့တာ၊ ပျောက်ဆုံးနေတဲ့သူတွေ ညီတစ်ဝမ်းကွဲပါသွားတယ်” လို့ ပြောပါတယ်။
မြေစာပုံပြိုကျမှုကြောင့် လူပေါင်းဒါဇင်နဲ့ချီပြီး ပျောက်ဆုံးနေတယ်လို့ ဒေသခံတချို့က ပြောပေမဲ့ သေဆုံး၊ ပျောက်ဆုံးစာရင်းအတိအကျကိုတော့ အတည်ပြုလို့ မရသေးပါဘူး။
မြေစာပုံအနေအထားက အရမ်းမြင့်တာမျိုးမဟုတ်ဘဲ မြေပိပျောက်ဆုံးသူ အရေအတွက် အဲသလောက် မများနိုင်ဘူးလို့ မျက်မြင်ဒေသခံတွေက ခန့်မှန်းပါတယ်။ လူမှုကူညီရေးအသင်းတွေကတော့ ပျောက်ဆုံးသူတွေကို ဆက်လက်ရှာဖွေနေဆဲဖြစ်ပါတယ်။
စစ်တပ်ကအာဏာသိမ်းပြီး နောက်ပိုင်း ဖားကန့်မှာ ဒေသခံ စစ်တပ်တွေကို ဆက်ကြေးပေးပြီး စက်ယန္တရားကြီးတွေနဲ့ တရားမဝင် ကျောက်တူးဖော်တာတွေ အကြီးအကျယ်ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။