တစ်နှစ်အတွင်း တရားမဝင် ဝင်ရောက်သူ ၄၀,၀၀၀ ကျော်ဖမ်းမိကြောင်း ထိုင်းရဲတပ်ဖွဲ့ ထုတ်ပြန်

ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းလုပ်သားတွေအပါအဝင် နိုင်ငံခြားသားတွေ တစ်နှစ်အတွင်း ၄၀,၀၀၀ ကျော် ဖမ်းဆီးရမိကြောင်း ထိုင်းအမျိုးသားရဲတပ်ဖွဲ့က ဒီဇင်ဘာ ၂၂ ရက်က ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၂၉ ရက်မှ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်အထိ တစ်နှစ်အတွင်း တရားမဝင် ဝင်ရောက်လာသူ ၄၂၄၄၃ ဦးနဲ့ ပွဲစား ၂၉၃ ဦး၊ တရားမဝင် ဝင်ရောက်လာဖို့ ကူညီပေးသူ ၈၄၁ ဦးအပါအဝင် စုစုပေါင်း ၄၃၅၇၇ ဦး ဖမ်းဆီးရမိကြောင်း ထိုင်းရဲတပ်ဖွဲ့ ဒုရဲချုပ် ဒမ်းရုန်းဆဒ် ကစ်သီပရဖတ်က ယမန်နေ့ သတင်းစာရှင်းပွဲမှာ ပြောပါတယ်။
လူကုန်ကူးဂိုဏ်း ၂၂၁ ခုရှိကြောင်း စုံစမ်းသိရှိရပြီး ၁၅၄ ဂိုဏ်းကို ဖမ်းဆီးအရေးယူခဲ့ကြောင်း၊ အဲဒီထဲက အဓိကတရားခံ ၄၀၂ ဦးနဲ့ ပါဝင်ပတ်သက်သူ တရားမဝင်နိုင်ငံခြားသား ၁၇၆၃ ဦးကို ဖမ်းဆီးခဲ့ပြီး ၈၂ ဦးကို ဖမ်းဝရမ်းထုတ်ထားတယ်လို့ ဆိုပါတယ်။
အဆိုပါအမှုတွေနဲ့ ပတ်သက်ပြီး တရားခံ ၃၁၂ ဦးရဲ့ ပိုင်ဆိုင်မှုတွေ သိမ်းဆည်းခဲ့ရာမှာ ယာဉ် ၁၈၂ စီး ဘဏ်စာအုပ် ၂၀ ကျော်နဲ့ တခြားပိုင်ဆိုင်မှုတွေ ပါဝင်တယ်လို့ ပြောပါတယ်။
ဒီလာမယ့် နှစ်သစ်ကူးကာလမှာလည်း တရားမဝင် ဝင်ရောက်မှုတွေ ပိုမိုတင်းကျပ်စစ်ဆေးသွားမှာ ဖြစ်ပြီး တရားမဝင်အလုပ်သမားတွေ ငှားရမ်းခန့်ထားတဲ့ အလုပ်ရှင်တွေအနေနဲ့ အလုပ်သမား ၁ ဦးလျှင် ဘတ် ၁ သောင်းမှ ၁ သိန်းထိ မပိုတဲ့ငွေဒဏ်၊ ပြစ်မှုထပ်ဆင့်ကျူးလွန်က နောက်ထပ် ထောင်ဒဏ် ၃ နှစ်ထပ်ဖြည့်ပြီး ကျခံရမယ်လို့ ဆိုပါတယ်။
အလုပ်သမားတွေအနေနဲ့လည်း ခွင့်ပြုချက်မရဘဲ အလုပ်ဝင်လုပ်ရင် ငွေဒဏ် ဘတ် ၅ ထောင်မှ ၅ သောင်းထိ ကျခံရမယ့်အပြင် ပြည်နှင်ဒဏ် ၂ နှစ် အပေးခံရမှာဖြစ်ကြောင်း၊ တရားမဝင် ဝင်ရောက်နေထိုင်တာ၊ မသင်္ကာမှုတွေရှိရင် ဖုန်းနံပါတ် ၁၉၁ နဲ့ ၁၅၉၉ ဆီ ၂၄ နာရီ ဆက်သွယ်သတင်းပေးဖို့လည်း ဒုရဲချုပ်က ပြောသွားပါတယ်။
ကိုးကား- Thai PBS