အမေရိကန်သမ္မတနှင့် ရုရှားသမ္မတ လူချင်းတွေ့ဆုံရန် အစီအစဉ်မရှိ

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ ရုရှားသမ္မတ ဗလာဒီမီယာပူတင်တို့ လူချင်းတွေ့မယ့် အစည်းအဝေးအတွက် စီစဉ်ထားတာ မရှိဘူးလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ဒီဇင်ဘာ ၂၁ ရက်မှာ ပြောလိုက်ပါတယ်။
ယူကရိန်းနဲ့ ရုရှားနယ်စပ်မှာ ရုရှားစစ်တပ်တွေ အင်အားတိုးမြှင့်ချထားနေလို့ တင်းမာနေချိန်မှာ ခုလိုပြောလိုက်တာပါ။
“ပထမဖြစ်ရပ်မှာ သံတမန်နည်းလမ်းအရ တိုးတက်မှုတစုံတရာ ရှိနေသလားဆိုတာ ကျနော်တို့ ကြည့်ရမယ် ထင်တယ်။ ကျနော်တို့လည်း တင်းမာမှုကျဖို့ ယူကရိန်းနဲ့ နယ်စပ်ကနေ တပ်တွေကို ပြန်ရုပ်ဖို့နဲ့ ရုရှားနဲ့ တင်းမာမှု လျော့လာတာကို မြင်ချင်ပါတယ်”လို့ ဘလင်ကန်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
နှစ်နိုင်ငံ တင်းမာမှုပြေလျော့စေရေး ကြိုးစားတဲ့အနေနဲ့ လူချင်းတွေ့တဲ့ ထိပ်သီးညီလာခံ ဖြစ်လာနိုင်သလားလို့ မေးရာမှာ ခုလို ဖြေကြား ပြောဆိုခဲ့တာပါ။