တိရစ္ဆာန်အစာဈေးနှုန်းနှင့် သယ်ယူစရိတ်မြင့်တက်နေသဖြင့် မွေးမြူရေးကဏ္ဍအခက်ကြုံ

မြန်မာပြည်တွင်း မွေးမြူရေးကဏ္ဍမှာ အစာစျေးနှုန်းနဲ့ သယ်ယူစရိတ်မြင့်တက်နေတာကြောင့် ထုတ်လုပ်မူစရိတ်ပါ လိုက်ပါမြင့်တက်လာပြီး မွေးမြူရေးလုပ်ငန်းရှင်တွေ အခက်တွေ့နေကြ ပါတယ်။
မြန်မာကျပ်ငွေတန်ဖိုးကျဆင်းပြီး ဒေါ်လာငွေလဲနှုန်း မြင့်တက်နေတာကြောင့် ပြည်ပကနေ တင်သွင်းရတဲ့ မွေးမြူရေးအစာစျေးနှုန်းတွေ အရင်ထက် ၄၀ ရာခိုင်နှုန်း လောက် မြင့်တက်လာတယ်လို့ မွေးမြူရေး လုပ်ငန်းရှင်တွေထံက သိရပါတယ်။
ဥစားကြက်မွေးမြူရေးလုပ်ငန်းရှင်တစ်ဦးက “အစာစျေးနှုန်းက အခုလက်ရှိဆိုရင် ၄၀ ရာခိုင်နှုန်းလောက် တက်သွားတာကိုး၊ အဓိကကတော့ ဒေါ်လာစျေးတက်တာကြောင့် ကမ္ဘာ့မှာလည်း ကိုဗစ်ကြောင့် သင်္ဘောခစျေးတွေ တက်သွားတယ်။ ပြည်တွင်းမှာလည်း သယ်ယူစရိတ်တွေ တက်လာတယ်။ အဲတော့ ထုတ်လုပ်မှုစရိတ်လည်း မြင့်လာတယ်။ အစာစျေးက တက်လာတော့ ကြက်ဥစျေးဆိုရင် အခုတစ်ပိဿာကို ၃၀၀၀ ၀န်းကျင် လောက်မှ ထုတ်လုပ်မှုစရိတ်က ကာမိတဲ့အခြေအနေမှာပေါ့”လို့ ဆိုပါတယ်။
နိုင်ငံတဝန်း ဒေသတချို့မှာ တိုက်ပွဲတွေ၊ ပဋိပက္ခတွေဖြစ်ပေါ်နေတာကြောင့်လည်း မွေးမြူထုတ်လုပ်တဲ့ပမာဏ လျော့နည်းလာပြီး မွေးမြူရေး စျေးကွက်မှာ အရင်ထက် စားသုံးသူ၀ယ််အားလျော့ကျလာတယ်လို့ မွေးမြူရေး လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
“မွေးမြူရေးကဏ္ဍကတော့ မရှိမဖြစ်စားသုံးနေရတဲ့ ကဏ္ဍဖြစ်တော့ သူဟာ သူတော့ လည်ပတ်နေတာပေါ့။ ဒါပေမဲ့အရင်ကထက်စာရင် ဖြုန်းအားလျော့သွားတယ်။ မွေးမြူတဲ့အပိုင်းလည်း အတိုင်းအတာတစ်ခု ထိလျော့သွားတာရှိတာပေါ့။ စားသုံးအားကျတာနဲ့ မွေးမြူတာလျော့တာနဲ့ဆိုတော့ လက်ရှိက အကိုက်လောက်ဖြစ်နေတယ်” လို့ပြောပါတယ်။
တစ်ဘက်မှာလည်း ဘဏ်ငွေထုတ်ရခက်ခဲတဲ့ ပြဿနာကြောင့် ငွေကြေးလည်ပတ်မှုအားနည်းပြီး မွေးမြူရေးလုပ်ငန်းတွေကို ပုံမှန်လုပ်ငန်းလည်ပတ်နိုင်ဖို့ခက်ခဲ မရေရာတဲ့အခြေအနေတွေအရ မွေးမြူရေးလုပ်ငန်းအများစုက လုပ်ငန်း တိုးချဲ့ဖို့ တုံဆိုင်းနေကြတယ်လို့လည်း သိရပါတယ်။