ပြင်သစ်တွင် ကိုဗစ်-၁၉ အသစ်ကူးစက်မှု ၂၀ ရာခိုင်နှုန်းသည် အိုမီခရွန်ကြောင့်ဖြစ်ဟုဆို

ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှာ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှုအသစ်တွေထဲက ၂၀ ရာခိုင်နှုန်းဟာ အိုမီခရွန်ဗီဇမျိုးကွဲကြောင့်ဖြစ်တယ်လို့ ပြင်သစ်အစိုးရ ပြောခွင့်ရ ဂေဘရီယယ် အတ်တယ်က ဒီဇင်ဘာ ၂၁ ရက်မှာ ပြောပါတယ်။
ကျန်ခဲ့တဲ့ ၂၄ နာရီအတွင်း ပြင်သစ်မှာ ကိုရိုနာဗိုင်းရပ်စ် အသစ်ကူးစက်ခံ အတည်ပြုလူနာ ၇၃,၀၀၀ ရှိတယ်လို့ သူက ဆက်ပြောပါတယ်။
ပြင်သစ်နိုင်ငံဟာ ဇန်နဝါရီလ ပထမလဝက်မှာ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတချို့အတွက် ကျန်းမာရေးလက်မှတ်နဲ့ ရုပ်ရှင်ရုံတွေ၊ ဘားတွေကို သွားဖို့ ကာကွယ်ဆေး သက်သေခံ လက်မှတ်တွေကို ပေးဖို့ ဥပဒေကို အတည်ပြုတော့မယ်လို့ အစိုးရက မနေ့ကကြေညာခဲ့ပါတယ်။
ကာကွယ်ဆေး သက်သေခံလက်မှတ်ရဲ့ အဓိကရည်ရွယ်ချက်ဟာ ကာကွယ်ဆေးမထိုးဘဲနဲ့ ကူးစက်ခံ မဟုတ်ရုံနဲ့ သက်သေခံလက်မှတ် ရဖို့ ရွေးချယ်ခွင့်ကို ဖယ်ရှားဖို့ပါ။ ဒါပေမဲ့ အစိုးရက လုပ်ငန်းခွင်အတွက် ကျန်းမာရေးလက်မှတ် မဖြစ်မနေ လိုအပ်ချက် စိတ်ကူးကို ပယ်ချခဲ့ပါတယ်။
ဒီလုပ်ဆောင်ချက်ဟာ ပြင်သစ် အလုပ်သမားဝန်ကြီးက လတ်တလောမှာ သမဂ္ဂတွေနဲ့ အလုပ်ရှင်တွေနဲ့ ဆွေးနွေးပွဲတွေအတွင်း အလုပ်ဖြစ်၊ မဖြစ် တီးခေါက်ကြည့်တဲ့ ရလဒ်လို့ ရိုက်တာ သတင်းဌာနက ဖော်ပြထားပါတယ်။
ဒီလုပ်ဆောင်ချက်အတွက် အများသဘောတူညီချက် မရခဲ့ဘူးလို့ ပြင်သစ် အစိုးရပြောခွင့်ရက ပြောခဲ့ပါတယ်။ တခြား ဥရောပအစိုးရတွေနဲ့ မတူဘဲ ပြင်သစ်ဟာ နောက်ထပ်ကန့်သတ်ချက်တွေ ထုတ်ဖို့ ငြင်းခဲ့တာပါ။
ပြင်သစ်ဟာ ထိန်းချုပ်မှုအားဖြည့်တာ၊ လူတွေကို အကြီးအကျယ် ဆေးစစ်တာနဲ့ ကာကွယ်ဆေး ထိုးနှံရေး လှုပ်ရှားတာတွေ ဆောင်ရွက်ရင်း နောက်ထပ် ကူးစက်မှုလှိုင်းတွေကို တိုက်ပွဲဝင်သွားမယ်လို့လည်း ပြင်သစ်အစိုးရ ပြောခွင့်ရက ပြောပါတယ်။