မလေးရှားတွင် လေဖိအားနည်းရပ်ဝန်းကြောင့် ရက်ပိုင်းအတွင်း မုန်တိုင်း တိုက်ခတ်နိုင်

အပူပိုင်းလေဖိအားနည်းရပ်ဝန်းဟာ မလေးရှားမြောက်ပိုင်းက ပြည်နယ် ၄ ခုဆီ ရွေ့လျားလာနေလို့ မလေးရှားနိုင်ငံအတွင်း လာမယ့်ရက်ပိုင်းမှာ နောက်ထပ် မုန်တိုင်းတွေနဲ့ မိုးကြီးလေကြီးတွေ တိုက်ခတ်မယ်လို့ မိုးလေဝသဌာနက ဒီဇင်ဘာ ၂၁ ရက်မှာ ခန့်မှန်းထုတ်ပြန်ပါတယ်။
မလေးရှားမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၇ ရက်က မိုးကြီးလို့ ပြည်နယ် ၈ ခုမှာ ရေလွှမ်းခဲ့ကာ လူတဒါဇင်ကျော် သေဆုံးခဲ့ပြီး လူပေါင်း ၆၀၀၀၀ကျော်ကို ဘေးကင်းရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။
နိုင်ငံတဝန်း မနေ့ကအထိ ရွှေ့ပြောင်းနေထိုင်ရသူပေါင်း ၆၃,၀၀၀ နီးပါးရှိတယ်လို့ အမျိုးသား ကပ်ဘေးစီမံခန့်ခွဲရေးအေဂျင်စီက ပြောထားပါတယ်။
မလေးရှားနိုင်ငံအလယ်ပိုင်း ပါဟန်ပြည်နယ်မှာ ဒီဇင်ဘာ ၂၀ ရက်က အိမ်တွေနဲ့ ကားတွေ တစိတ်တပိုင်း ရေမြုပ်နေပုံကို ဒရုန်းယာဉ်ကနေ ရုပ်သံ ရိုက်ကူးထားပါတယ်။
နိုင်ငံရဲ့ လူအထူဆုံးနဲ့ အချမ်းသာဆုံးပြည်နယ် ဆေလန်ဂေါမှာ ရေဘေးသင့် ပြည်သူတချို့ဟာ ကယ်ဆယ်မခံရခင် ၂ ရက်ကျော်လောက် ရေထဲမှာ သောင်တင်နေခဲ့ပါတယ်။
ရေဘေးအတွက် အစိုးရရဲ့ တုံ့ပြန်မှုမှာ အားနည်းချက်ရှိတယ်လို့ ဝန်ကြီးချုပ် အစ္စမေးဆာဘရီ ယာကွတ်ဘ်က ဝန်ခံခဲ့ပါတယ်။ နှေးကွေးတဲ့ တုံ့ပြန်မှုကြောင့် လွှတ်တော်အမတ်တွေနဲ့ ပြည်သူတွေက အာဏာပိုင်တွေကို ဝေဖန်ခဲ့ကြပါတယ်။
ပြည်ထောင်စုလုံခြုံရေးအေဂျင်စီတွေ တုံ့ပြန်ချိန် ညှိနှိုင်းဆောင်ရွက်ရာမှာ အားနည်းချက် ရှိခဲ့တယ်လို့ ဝန်ကြီးချုပ်က အသိအမှတ်ပြု ပြောဆိုပါတယ်။