အမေရိကန်နှင့်ရုရှား ဆွေးနွေးပွဲ နေရာနှင့်အချိန် သဘောမတူရသေးဟု အိမ်ဖြူတော်ပြော

4
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်နဲ့ ဆွေးနွေးပွဲအသစ်အတွက် နေရာကိုရော အချိန်ကိုပါ သဘောမတူရသေးဘူးလို့ အိမ်ဖြူတော်ပြောခွင့်ရ ဂျန်ဆာကီက ဒီဇင်ဘာ ၂၃ ရက်မှာ ပြောလိုက်ပါတယ်။
အမေရိကန်နဲ့ မဟာမိတ်တွေဟာ ရုရှား-ယူကရိန်းနယ်စပ်အရေး တင်းမာမှု တိုးလာတဲ့ကိစ္စမှာ ရန်လိုသူတွေလို့ ပူတင်က ဝေဖန်တာကိုလည်း ဆာကီက မှားယွင်းကြောင်း ချေပပြောဆိုပါတယ်။
“အချက်အလက်အရ ဆိုရင်တော့ ရယ်စရာပဲ။ ရုရှား-ယူကရိန်းနယ်စပ်မှာ ကျမတို့ မြင်ရတဲ့ ရန်လိုမှု ဆိုတာက ရုရှားစစ်တပ် အင်အားတိုးချထားတာရယ်၊ ရုရှားခေါင်းဆောင်ရဲ့ ရန်လိုတဲ့ လေတလုံး မိုးတလုံး ပြောစကားတွေရယ်ပဲ”လို့ ဆာကီက ပြောခဲ့ပါတယ်။