ဂျပန်နိုင်ငံ ကာကွယ်ရေးအသုံးစရိတ် စံချိန်တင်တိုးမြှင့်

ဂျပန်နိုင်ငံဟာ တရုတ်ရဲ့ စစ်ရေး အလျင်အမြန်ချဲ့ကားလာမှုနဲ့ မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ဒုံးကျည်ခြိမ်းခြောက်မှုတို့ကြောင့် ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါရဲ့ အစိုးရက ၂၀၂၂ အတွက် ကာကွယ်ရေးအသုံးစရိတ်ကို ယန်း ၅ ဒသမ ၄ ထရီလီယံ (အမေရိကန်ဒေါ်လာ ၄၇ ဒသမ ၁၈ ဘီလီယံ) အထိ အမြင့်ဆုံးစံချိန် တိုးမြှင့်လိုက်ပါတယ်။
ကာကွယ်ရေးအသုံးစရိတ်ကို ၁၀ နှစ်ဆက်တိုက် တိုးမြှင့်လာခဲ့ပြီး အခုနှစ်က စံချိန်တင်ဖြစ်ပေမယ့် တရုတ်နိုင်ငံ ကာကွယ်ရေးအသုံးစရိတ်ရဲ့ လေးပုံတပုံအောက်ပဲ ရှိသေးပါတယ်။
ပြီးခဲ့တဲ့ ဧပြီလမှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ ဝန်ကြီးချုပ်ဟောင်း ယိုရှီဟီဒယ်ဆူဂါတို့ တွေ့ဆုံပြီးနောက် ဂျပန်ကာကွယ်ရေးအသုံးစရိတ် ထပ်တိုးမြှင့်ဖို့ ဖြစ်လာတာပါ။ ဆူဂါက ဒေသတွင်း လုံခြုံရေးစိန်ခေါ်မှု ပိုများလာတာကြောင့် ဂျပန်ကာကွယ်ရေးစွမ်းရည် တိုးမြှင့်မယ်လို့ ကတိပေးခဲ့ပါတယ်။
ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ဆယ်စုနှစ် သုံးခုအတွင်း ပထမဆုံးအကြိမ် ပြည်တွင်း ဂျက်တိုက်လေယဉ်တွေ တီထွင်ထုတ်လုပ်ဖို့ လာမယ့်နှစ်ဘတ်ဂျက်အတွက် ယန်း ၈၆ ဘီလီယံ လျာထားပါတယ်။ အဲဒီပရောဂျက်ကို Mitsubishi အကြီးစားစက်မှုလုပ်ငန်းက ဦးဆောင်မှာဖြစ်ပြီး ၂၀၂၃ မှာ ပြီးစီးပါမယ်။
ကာကွယ်ရေးဝန်ကြီး နော်ဗျူအိုကီရှီက “ကျနော်တို့ တိုင်းပြည်ပတ်လည်မှာ လုံခြုံရေးအခြေအနေ မကြုံစဖူးအောင် တင်းမာလာတာကြောင့် ကျနော်တို့ ကာကွယ်ရေးစွမ်းရည်ကို မဖြစ်မနေ မြှင့်တင်ဖို့ အရေးကြီးနေပါတယ်” လို့ ပြောပါတယ်။