၂၀၂၁ ည အဆုံးသတ်မှာ ၂၀၂၂ အရုဏ်ဦးကို မြင်နေရတယ်

ကမ္ဘာမကြေ သီချင်းကို မျက်စိစုံမှိတ်ပြီး သီဆိုနေတဲ့ ကျောင်းသားလေးတယောက်…
ပြီးတော့ သေနတ်သံတွေ…
ပြီးတော့ စောစောမှောင်တဲ့ ညတွေ…
ပြီးတော့ မမိတချက်မိတချက် ရေဒီယိုသံတွေ…
ပြီးတော့ မျက်ရည်တွေ…
အဲဒါတွေပြီးတော့ တရကြမ်းတိုက်ခတ်တဲ့လေ…
အဲဒီလေဟာ ငါတို့သင်္ဘောကို တကယ့်ဘဝရဲ့ ဝဲဂယက်ဆီကို တဟုန်ထိုး တွန်းပို့ပေးခဲ့…
ဘောင်ဘင်ခတ်နေတဲ့ လှိုင်းတွေက သမိုင်းရဲ့စာမျက်နှာတွေ…
သေသွားတဲ့ ပင်လယ်ဓားပြအိုကြီးတွေကို ရေထဲ ပစ်ချလိုက်ကြတယ်…
(အောင်ခင်မြင့်ရဲ့ ‘ကပ္ပတိန်စပါးရိုး၏ ဖွင့်ဟချက်များ-၁’ ကဗျာမှ)
ကဗျာကို ဖတ်နေရင်း ၂၁ ရာစု မြန်မာ့နိုင်ငံရေးဝန်းကျင်ငွေ့တခုလုံးကို လွှမ်းခြုံခံစားလိုက်ရတယ်။ ညတွေ သေသွားရင် အရုဏ်ဦးရောက်မယ်မှန်း သိပေမဲ့ မြန်မာနိုင်ငံလူထုအတွက်တော့ ခံစားချက် ညတာတွေက ရှည်လျားလွန်းတယ်။ လွတ်လပ်ရေးရဲ့ ဖွားဖက်တော်လို့ ပြောရလောက်တဲ့ ပြည်တွင်းစစ်မီးကလည်း အခုထိ မငြိမ်းနိုင်သေး။
အမှောင်တွေကို ဖြတ်သန်းပြီး လျှောက်လှမ်းခဲ့တဲ့ လူထုဘဝကလည်း ကြမ်းတမ်းလွန်းစွ။ ‘ဗုံလုံတလှည့် ငါးဖျံ တလှည့်’ ဆိုပေမဲ့ ငါးဖျံအလှည့်ကား အခုထိ မရောက်နိုင်သေး။ ‘ပေ’အဖြစ် အထုအနှက်ခံနေရဆဲ။ ကြိုးစားခဲ့ကြ။ ရုန်းကန်တိုက်ပွဲဝင်ခဲ့ရတဲ့ နှစ်တွေကလည်း မနည်းတော့။ ငါးဖျံအလှည့်ရောက်မယ်ကြံတိုင်း ဗုံလုံကပဲ အပေါ်စီးဆန်လိုက်ပြန်တယ်။ အချိုးအကွေ့ မှတ်တိုင်တွေ ရေတွက်ကြည့်ရင် ၁၉၆၂ နှစ်။ ၁၉၈၈။ ၂၀၂၁။ ညဉ့်တို့ကား ရှည်လျားလွန်းပါဘိ။ အမှောင်ခေတ်ကို ခက်ခဲစွာ ဖြတ်ကျော်ခဲ့ရသည်ကပင် အထုံတခု ဖြစ်လေသလား ထင်မိတော့။
အမှောင်တကာ့အမှောင်ဆုံး ကာလဆိုးကြီးထဲကိုတော့ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ တကျော့ပြန်လည်လို့ ကျရောက်ခဲ့ရပြန်ပြီ။ အထင်အရှား ပြောင်ကျကျ မြန်မာ့စစ်တပ်က အာဏာသိမ်းယူခဲ့တာ သုံးကြိမ်ရှိပါပြီ။ တကယ်တော့ စစ်တပ်က အာဏာသိမ်းခဲ့တာ သုံးကြိမ် မကတော့ပါဘူး။ ၁၉၅၈ ခုနှစ် ဖြစ်ရပ်နဲ့ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရပါတီကို အာဏာမအပ်ခဲ့ဘဲ မလိမ့်တပတ် သိမ်းယူခဲ့တာတွေလည်း ရှိပါတယ်။ ဒါတွေထည့်ပေါင်းရင့် ၅ ကြိမ်ရှိပြီလို့ ပြောရမှာပါ။
အခုတော့ ဒီမိုကရေစီအညွန့်အဖူးတွေ ဝေဆာမယ်မှ မကြံသေး၊ စစ်အုပ်စုကာ တရားမဲ့ အာဏာသိမ်းယူလိုက်ပြန်တယ်။ ‘ကိုယ့်တံတွေး ကိုယ်ပြန်မျိုလိုက်သလိုပါပဲ။ ကိုယ်ရေးဆွဲတဲ့ ၂၀၀၈ အခြေခံဥပဒေကို ကိုယ်ပြန်ဖျက်ဆီးပြီး လူထုဆီက အာဏာကို အဓမ္မလုယူလိုက်တယ်။ အဲဒီအချိန်ကစပြီး မြန်မာပြည်ဟာ အမှောင်ထဲ ပြန်လည်ရောက်ရှိလာခဲ့ပြန်ပါတော့တယ်။
တရားနည်းလမ်းမဲ့ စစ်တပ်က အာဏာလုတဲ့ အကြိမ်တိုင်းမှာ လက်မခံနိုင်တဲ့၊ စစ်တပ်အုပ်ချုပ်မှုကို ဆန့်ကျင်တဲ့သူတိုင်း အသက်တွေ ဘဝတွေ စတေးခဲ့ကြရတယ်။ ရက်ရက်စက်စက် သတ်ဖြတ်ညှဉ်းဆဲခြင်း ခံကြရတယ်။ ဒါဟာ နိုင်ငံရေးဓလေ့ နိုင်ငံရေးယဉ်ကျေးမှုတခု ဖြစ်တယ် ဆိုရင်တော့ ဒီယဉ်ကျေးမှုကို အပြီးသတ်ချုပ်ငြိမ်းအောင် လုပ်ဖို့ ၂၁ ရာစု လူငယ်တွေနဲ့ တိုးတက်တဲ့ တာဝန်သိ မြန်မာပြည်သူတွေရဲ့ ပခုံးပေါ် ကျရောက်လာခဲ့တယ်။
၂၀၂၁ နှစ်ဆန်းပိုင်းကတည်းက အခြေအနေနဲ့ နှစ်ကုန်ပိုင်း အခြေအနေတွေကို ကြည့်ရင် နှစ်ကုန်ပိုင်းအထိ စစ်အုပ်စုဟာ တပြည်လုံးကို မထိန်းချုပ်နိုင်သေးတာကို တွေ့ရတယ်။ ဒါကြောင့်လည်း နိုင်ငံအနှံ့ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကိုလည်း ရက်ရက်စက်စက် ဖြိုခွင်းနှိမ်နင်းနေသလို စစ်ရေးအရလည်း သာလွန်အင်အားသုံးရုံသာမက တိုက်လေလေယာဉ်တွေနဲ့ပါ ဗုံးကြဲတိုက်ခိုက်နှိမ်နင်းနေတာကို တွေ့နေရတယ်။
အမေရိကန်နဲ့ ကုလတို့က စစ်အုပ်စုကို လက်နက်မရောင်းချကြဖို့ ထုတ်ပြန်တောင်းဆိုခဲ့ပေမယ့် စစ်အုပ်စုကတော့ တရုတ်နဲ့ ရုရှားက ရောင်းချပေးတဲ့ တိုက်လေယာဉ်တွေ လက်နက်ဆန်းတွေကို အသုံးချပြီး လူထုအပေါ် စစ်ပွဲ ဆင်နွှဲနေတယ်။ ဒါကြောင့်လည်း တချို့သော လေ့လာသုံးသပ်သူတွေက “ပြည်တွင်းစစ် မဟုတ်တော့ဘဲ အဖိနှိပ်ခံ ပြည်သူနဲ့ ‘အကြမ်းဖက် ကျူးကျော်စော်ကားသူတို့’ ရဲ့ စစ်ပွဲ” ဖြစ်တယ်လို့ ပြောဆို သုံးသပ်လာကြတယ်။
အခုဖြစ်နေတဲ့ စစ်ကို သရုပ်ခွဲကြည့်ရင် လူမျိုးရေးစစ် မဟုတ်ဘူး။ ဘာသာရေးစစ် မဟုတ်ဘူး။ တိုင်းရင်းသားပေါင်းစုံနဲ့ မြေပြန့်ဒေသတခွင်တပြင်လုံး ပါဝင်တဲ့ လူထုနဲ့တိုက်တဲ့ စစ်ပွဲ ဖြစ်တယ်။ ကျူးကျော်စော်ကား အကြမ်းဖက်တဲ့ စစ်တပ်ဟာ လူထုရဲ့ အချုပ်အခြာအာဏာအပေါ်ပုန်ကန်မှုကို ကျူးလွန်ခဲ့တာကြောင့် လူထုတရပ်လုံးက ခုခံ တွန်းလှန်တဲ့စစ်ပွဲ။ လူထုနဲ့ အကြမ်းဖက်တပ်နဲ့စစ်ပွဲ။ ဓမ္မနဲ့ အဓမ္မစစ်ပွဲသာ ဖြစ်တယ်။
သေသေချာချာ စိစစ်ကြည့်ရင်လည်း မြန်မာတနိုင်ငံလုံး ဒေသအနှံ့ ဆန့်ကျင်နေကြတာ ဖြစ်တယ်။ အလုပ်သမား၊ လယ်သမား၊ ပြည်သူတွေအားလုံး နီးပါးပါဝင်လာတယ်။ လယ်ယာလုပ်သူတွေဟာ လယ်ယာကို မလုပ်နိုင်ကြတော့ဘဲ အကြမ်းဖက်ဖိနှိပ်ကျူးကျော်သူကို ခုခံတွန်းလှန်လာခဲ့ကြတယ်။ ဒီဇင်ဘာရဲ့ လကုန်ပိုင်းအရောက်မှာတော့ အကြမ်းဖက် ကျူးကျော်စစ်တပ်ဟာ လူမျိုးတုံး သတ်ဖြတ်တဲ့အဆင့်ကို သိသိသာသာ ရောက်ရှိသွားခဲ့ကြောင်းကိုတော့ ‘လေးကေ့ကော်’ ဖြစ်ရပ်တွေက သက်သေခံနေတယ်။
မြန်မာပြည်သူတွေအဖို့ကတော့ စစ်တပ်အာဏာသိမ်းချိန်ကစလို့ လောကငရဲကျနေရသလိုပါပဲ။ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေရဲ့ ဦးခေါင်းတည့်တည့် သေနတ်နဲ့ ပစ်သတ်ခံရတယ်။ သေနတ်ဒင်နဲ့ ရိုက်သတ်ခံရတယ်။ စစ်ကြောရေးမှာ အသတ်ခံရတယ်။ အရှင်လတ်လတ် မီးရှို့အသတ်ခံရတယ်။ ရွာလုံးကျွတ် မီးရှို့ပြီး လူထုအိုးအိမ်တွေကို ဖျက်ဆီးပစ်တယ်။ လုယက်ခိုးဝှက်ယူငင်ကြတယ်။ မုဒိမ်းကျင့် လူသတ်လုပ်ခဲ့တယ်။ စစ်ဘေးရှောင်တွေကို မတရားပြုကျင့် ပစ်သတ်ခဲ့တယ်။ ဒါတွေအားလုံးဟာ အကြမ်းဖက်စစ်တပ်ရဲ့ အစဉ်အလာ လုပ်ရိုးလုပ်စဉ် စစ်ဝိညာဉ်ဖြစ်သလို အကြမ်းဖက်သူတို့ရဲ့ မဟာဗျူဟာတရပ်လည်း ဖြစ်ခဲ့တယ်။
‘လူထုချစ်ခင်ခြင်းထက် ကြောက်ရွံ့စေခြင်းက ပိုလုံခြုံတယ်’ ဆိုတဲ့ မက်ခီယာဗယ်လီစကားကို မြေဝယ်မကျ လိုက်နာနေဟန်ပါပဲ။ လူထုကို အကြောက်တရား ကြီးစိုးသွားအောင် လူမဆန်တဲ့ ရက်စက်နည်းနဲ့ အကြမ်းဖက်လုပ်ဆောင်ခဲ့တယ်။ ဒါပေမဲ့ ဒီနေ့ လက်တွေ့ မျက်တွေ့ အခြေအနေက မက်ခီယာဗယ်လီတို့ခေတ် မဟုတ်တော့။ ကြောက်ရွံ့ခြင်းထက် နာကြည်းမုန်တီးခြင်းက ပိုလာတာကြောင့် လူထုဟာ ရရာလက်နက် ဆွဲကိုင်တွန်းလှန်လာကြတယ်။ ဒုက္ခတွေနဲ့ နှစ်များစွာ ငရဲတွင်းကို ဖြတ်ပြီးတဲ့နောက် လူထုဟာ ‘ပြာပူ’လောက်ကို မကြောက်ကြတော့ဘူး။
လက်ရှိအခြေနေမှာ ပြည်သူလူထုဟာ ဖြတ်သန်းခဲ့တဲ့ နှစ်များစွာ အတွေ့အကြုံအရ ‘စစ်အာဏာရှင် အမြစ်မပြတ်သရွေ့ အဆိုးသံသရာမှာ လည်ပတ်နေဦးမှာပဲ’ ဆိုတဲ့အသိကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်လိုက်ကြတယ်။ လက်ရှိ စစ်တပ်ရှိနေသရွေ့ ရွေးကောက်ပွဲလုပ်လိုက်၊ သူတို့မကြိုက်တဲ့ ပါတီ တက်လာလိုက်၊ အာဏာသိမ်းလိုက်နဲ့ ‘မုန့်လုံး စက္ကူကပ်’သလို ဖြစ်နေဦးမှာကြောင့် ‘စစ်အာဏာရှင် အမြစ်ပြတ်ရေး’ လမ်းကြောင်းပေါ် လျှောက်လှမ်းခဲ့ကြတာဟာ တနှစ်နီးပါး ကြာမြင့်ခဲ့ပါပြီ။
စစ်တပ်က ‘ဘောင်ဘင်ခတ်တိုင်း လှိုင်းထန်’နေကြရတဲ့ အခြေအနေဆိုးကြီးကို ပြည်သူလူထုတရပ်လုံး သည်းခံနိုင်စွမ်း ကင်းမဲ့နေကြပြီ။ လူထုကတော့ ခေတ်နဲ့လျော်ညီတဲ့ အသစ်တခုကို တောင်းဆိုလာကြတယ်။ အဲဒီအတွက် တိုက်ပွဲဝင်လာကြတယ်။ ခုခံတွန်းလှန်တယ် ဆိုပေမဲ့ တကယ်တော့ လက်နက်မဲ့လူထုအတွက် အခက်အခဲများစွာကို ရင်ဆိုင်ရတယ်။ လက်နက်ရှိသူကို လက်နက်ကိုင်တွန်းလှန်ဖို့ဆိုတာ အတော်ကို စွန့်စားကြရတယ်။
ဒါ့အပြင် လူထုတွန်းလှန်တယ်ဆိုရာမှာ ရရာလက်နက်ကိုင်ပြီး ခုခံတွန်းလှန်ကြရတာ။ နှစ်ပေါင်းစွာ နိုင်ငံတော်ဘဏ္ဍာငွေနဲ့ တည်ဆောက်ထားတဲ့ အခြေခံအဆောက်အုံ (Infrastructure)နဲ့ ပြည့်စုံတဲ့ စစ်အုပ်စုကို ခုခံတွန်းလှန်ကြရတာ ဖြစ်တယ်။ မောင်းပြန်ရိုင်ဖယ် ကိုင်ဆောင်သူကို တူမီးနဲ့ ယှဉ်ပြိုင်ကြရတာပဲ။ အမြောက်စိန်ပြောင်းနဲ့ တိုက်လေယာဉ်ကို အသုံးပြုတဲ့ ရန်သူကို လက်လုပ်မိုင်းနဲ့ ရင်ဆိုင်ကြရတာ။ ပြည်သူ့ဘဏ္ဍာငွေကို စိတ်ကြိုက်အသုံးပြုနိုင်တဲ့ ရန်သူကို ပြည်သူ့ထံက ရသလောက် အလှူငွေလေးနဲ့ပဲ ခုခံတွန်းလှန်ကြရတာ။
မီးကျိုးမောင်းပျက်တူမီး၊ လက်လုပ်ဗုံးနဲ့ ရင်ဆိုင်ရတယ်ဆိုပေမဲ့ ‘ဂျီဇက်’ တို့ရဲ့ တီထွင်ဆန်းသစ်မှု၊ စိတ်ဓာတ်ခွန်အား၊ လူထုထောက်ခံမှု ပါဝင်ပတ်သက်ပံ့ပိုးမှုတွေက ရန်သူကို အထိနာစေခဲ့တယ်။ တဖက်ကကြည့်ရင်လည်း ရန်သူအခြေအနေဟာ လုပ်ရပ်အမှားရဲ့ သိမ်ငယ်မှု၊ အဓမ္မလုပ်မှု၊ လူမဆန်မှု၊ ပြည်သူလူထုအပေါ် ကျေးဇူးကန်းမှု၊ နိုင်ငံတကာရဲ့ ပစ်ပယ်ခံရမှုတွေအပြင် စိတ်ဓာတ်အင်အား လူအင်အားချည့်နဲ့မှုတွေကိုလည်း တွေ့နေရတယ်။ ဒါကြောင့်လည်း တိုက်ပွဲတိုင်း အရှုံးနဲ့ နိမ့်ကျမှုကို ရင်ဆိုင်လာကြရတယ်။
တကယ်တော့ မြန်မာ့ခုခံတွန်းလှန်ရေးကာလတလျှောက်လုံးမှာ ဒီတကြိမ်လောက် အကြမ်းဖက်စစ်တပ်ရဲ့ စိတ်ဓာတ်အင်အား လူအင်အားချည့်နဲ့တာ မရှိဘူးသေးဘူး။ ဒီတကြိမ်မှာ ရန်သူတပ်ဟာ ချွတ်ခြုံအကျဆုံးအချိန်လည်း ဖြစ်တယ်။ ခုခံတွန်းလှန်သူတို့ကတော့ အင်အားအများဆုံးနဲ့ အင်အားအပြည့်ဆုံးသော အချိန်လည်း ဖြစ်တယ်။ ပြည်တွင်း ပြည်ပနဲ့ နိုင်ငံတကာ ထောက်ခံမှုအားအကောင်းဆုံးအချိန်လည်း ဖြစ်တယ်။ ပြည်တွင်းခုခံရေး လက်နက်ကိုင် အင်အားစုတွေရဲ့ စုစည်းညီညွတ်မှုဟာလည်း ဒီတကြိမ်လောက် ဘယ်တုန်းကမှ မရခဲ့ဘူး။ ဒီအခြေအနေတွေအားလုံးဟာ ရန်သူကို အနိုင်ယူဖို့ အသင့်လျော်ဆုံးသော အခြေအနေနဲ့ အကိုက်ညီဆုံးကာလ ဖြစ်တယ်လို့ အားလုံးကလည်း ယူဆထားခဲ့ကြတယ်။
တကယ်တော့ လူငယ်မျိုးဆက် ‘ဂျီဇက်’တွေနဲ့ တော်လှန်ရေးအင်အားစုတွေဟာ လက်ဗလာနဲ့ စခဲ့ကြတာ။ အခုဆိုရင် တော်လှန်ရေးခရီး အတော်ရောက်ခဲ့ကြပြီ။ နောက်ပြန်လှည့်ဖို့ မဖြစ်နိုင်တော့။ ရှေ့ဆက်အောင်ပွဲခံနိုင်ရေးအတွက် လုံ့လစိုက်ထုတ်ရန်သာ ရှိတော့တယ်။ အကယ်လို့သာ တော်လှန်ရေးအင်အားစုတွေကို လူစေ့ လက်နက်စေ့ ပံ့ပိုးဖြည့်ဆည်းပေးမယ်ဆိုရင် ၂၀၂၂ ဧပြီမတိုင်မီအတွင်း နယ်မြေတချို့ဟာ တော်လှန်ရေးအင်အားစုတို့ရဲ့ အုပ်ချုပ်ခံနယ်မြေအဖြစ် ရောက်ရှိလာလိမ့်မယ်လို့ ခန်းမှန်ကြတာတွေလည်း ရှိနေပါတယ်။
ဘယ်လိုပဲရှိနေပါစေ၊ ၂၀၂၁ ညဆိုးရဲ့ အဆုံးသတ်မှာ ၂၀၂၂ အရုဏ်ဦးဟာ ‘တိုက်ပွဲတရာ အောင်ပွဲတသိန်း’နဲ့ အတူရောက်ရှိလာမှ မလွဲတော့ပါကြောင်း မြော်မြင်သုံးသပ်မိပါတယ်။ ဒါကြောင့် တော်လှန်ရေးအင်အားစုများရဲ့ စုစည်းညီညွတ်မှုအားနဲ့ ရှေ့ဆက်အရှိန်မြှင့် လုပ်ဆောင်ကြပါစို့လို့ တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။
ဤနိုင်ငံအပေါ်ဝယ် ကောင်းချီးမင်္ဂလာ ကျရောက်ပါစေသောဝ်…။
ဂန္ထဝင်မောင်ထူး