ကက်ရှ်မီးယားဒေသ စစ်ဆင်ရေးတွင် စစ်သွေးကြွ ၆ ဦး သေဆုံး

အိန္ဒိယနဲ့ ပါကစ္စတန် ၂ နိုင်ငံကြား အငြင်းပွားနေတဲ့ ကက်ရှ်မီးယားဒေသမှာ စစ်ဆင်ရေးတွေအတွင်း ဒီဇင်ဘာ ၃၀ ရက်က အိန္ဒိယလုံခြုံရေးတပ်က စစ်သွေးကြွ ၆ ယောက်ကို အသေပစ်သတ်ခဲ့ပြီး စစ်သည်တယောက်လဲ ကျဆုံးခဲ့တယ်လို့ အရာရှိတစ်ဦးက ပြောပါတယ်။
ဒီနှစ်ထဲမှာ အရပ်သား သေဆုံးမှု အရှိန်မြင့်လာအပြီး သူပုန်အုပ်စုတွေကို ဆက်ပြီးနှိမ်နင်း နေတယ်လို့လည်း ပြောပါတယ်။
ပါကစ္စတန် စစ်သွေးကြွ ၂ ယောက်နဲ့ ဒေသခံ ဂျိုင်ရှီ မိုဟမ်မဒ် စစ်သွေးကြွအုပ်စုက အဖွဲ့ဝင် လေးယောက်တို့ သေဆုံးတယ်လို့ ကက်ရှ်မီးယားတောင်ကြားဒေသ ရဲတပ်ဖွဲ့အကြီးအကဲ ဗီဂျေး ကူးမားက ပြောပါတယ်။
ကက်ရှ်မီးယားဒေသတောင်ပိုင်းက အပြန်အလှန် ပစ်ခတ်တဲ့ တိုက်ပွဲအတွင်း အိန္ဒိယစစ်သည် တစ်ယောက် သေဆုံးတယ်လို့လည်း သူက ဆက်ပြောပါတယ်။
နျူကလီးယား လက်နက်ပိုင်ရှင် ပြိုင်ဘက် အိမ်နီးချင်း ၂ နိုင်ငံကြား သူတို့ပိုင်တယ်လို့ အပြိုင်အဆိုင် ကြေညာပြီး တပိုင်းစီ ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသမှာ ၁၉၉၀ ပြည့်လွန်နှစ်တွေတည်းက သူပုန်ထနေတာပါ။
ပါကစ္စတန်ဟာ သူပုန်တွေကို မီးထိုးပေးနေတယ်လို့ အိန္ဒိယက စွပ်စွဲနေခဲ့တာ ကြာပါပြီ။
ပါကစ္စတန်အစိုးရကတော့ စွဲချက်ကို ငြင်းပြီး ကက်ရှ်မီးယား ပြည်သူတွေရဲ့ ကိုယ်ပိုင် ဆုံးဖြတ်ချက်အတွက် သံတမန်ရေးနဲ့ စိတ်ဓာတ်ဆိုင်ရာ ကျောထောက်နောက်ခံသာ ပေးနေတယ်လို့ ပြောပါတယ်။
ဒီနှစ်အစောပိုင်းမှာလည်း အငြင်းပွား ကက်ရှ်မီးယားဒေသအတွင်း အရပ်သားသတ်ဖြတ်မှုတွေ ဆက်တိုက်ပေါ်ခဲ့တာပါ။
မွတ်စလင်ဘာသာဝင် လူများစုဖြစ်တဲ့ ကက်ရှ်မီးယားတောင်ကြားမှာ စစ်သွေးကြွတွေက ရွှေ့ပြောင်းလုပ်သားတွေ၊ လူနည်းစု ဟိန္ဒူနဲ့ ဆစ်ခ်ဘာသာဝင်တွေ အပါအဝင် ကက်ရှ်မီးယား နယ်ခံ မဟုတ်တဲ့ သူတွေကို ပစ်မှတ်ထားပုံပေါ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
အိန္ဒိယ စစ်တပ်ကလည်း တပ်အင်အား အကြီးအကျယ်ချထားတဲ့ ဒေသအတွင်း ကျယ်ကျယ် ပြန့်ပြန့် နှိမ်နင်းတဲ့နည်းနဲ့ တုံ့ပြန်ခဲ့ပါတယ်။