စစ်သွေးကြွများ နိုက်ဂျာစစ်တပ်ထက် ပိုကောင်းသည့်လက်နက်ပစ္စည်းသုံးနိုင်ဟု သမ္မတပြော

လစ်ဗျား မှောင်ခိုကွန်ရက်ကနေ ဆက်သွယ်ရေး နည်းပညာနဲ့ လက်နက်တွေရနေတဲ့ စစ်သွေးကြွတွေက နိုက်ဂျာအမျိုးသားစစ်တပ်ကို လာရောက် ပစ်ခတ်ခဲ့တယ်လို့ နိုက်ဂျာ သမ္မတ မိုဟာမဒ် ဘာဇွန်မ်က ဒီဇင်ဘာ ၆ ရက်မှာ ပြောပါတယ်။
ဆီနီဂေါနိုင်ငံမှာ ကျင်းပတဲ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ ဒါကာ နိုင်ငံတကာ ဖိုရမ် မိန့်ခွန်းအတွင်း ခုလို ပြောလိုက်တာပါ။
စစ်သွေးကြွတွေဟာ အခြေခံ အမြောက်တွေ၊ ဒုံးကျည် ပစ်စင်တွေနဲ့ ဆဲလူလာ ကွန်ရက် နှောင့်ယှက်ရေး ကိရိယာတွေကိုပါ နိုက်ဂျာစစ်တပ်ထပ် ပိုကောင်းကောင်း သုံးနိုင်နေတယ်လို့ ဘာဇွန်မ်က ပြောပါတယ်။
နိုက်ဂျာနိုင်ငံရဲ့ အနောက်တောင်ပိုင်း၊ ဘာကီနာဖာဆို နိုင်ငံနဲ့ နယ်စပ်နားမှာ တိုက်ပွဲအတွင်း ဘယ်သူဘယ်ဝါ မသိရတဲ့ သေနတ်သမားတွေက ပစ်ခတ်ခဲ့တာကြောင့် စစ်သား ၁၂ ယောက် သေဆုံးပြီး ၈ ယောက် ဒဏ်ရာရတယ်လို့ အစိုးရက ဒီဇင်ဘာ ၅ ရက်နေ့မှာ ပြောပါတယ်။
အာဖရိကတိုက် အနောက်ပိုင်း ဆာဟယ်ဒေသတလွှားမှာ အယ်လ်ကိုင်းဒါးနဲ့ အိုင်အက်စ် စစ်သွေးကြွတွေနဲ့ ပတ်သက်နေတဲ့ အုပ်စုတွေက ပိုကျယ်ကျယ်ပြန့်ပြန့် အကြမ်းဖက် လာနေပါတယ်။
နိုက်ဂျာ၊ မာလီနဲ့ ဘာကီနာဖာဆို သုံးနိုင်ငံ နယ်စပ်မှာ အဆိုးဆုံး တိုက်ခိုက်မှုတချို့ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ဒေသတွင်းမှာ ထောင်ချီတဲ့ အရပ်သားတွေ အသတ်ခံခဲ့ရပြီး သန်းချီတဲ့ ပြည်သူတွေ အိုးပစ်အိမ်ပစ် ထွက်ပြေးခဲ့ရပါတယ်။