close

နိုင်ငံငြိမ်းချမ်းရေးအတွက် ဘာသာပေါင်းစုံခေါင်းဆောင်များ နှစ်သစ်ကူးဆုတောင်း

မြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက် စစ်အာဏာရှင်ကိုဖယ်ရှားပြီး ပြည်သူတွေစည်းလုံးညီညွတ်စွာ ရှင်သန်နိုင်ကြဖို့ ဘာသာပေါင်းစုံ ခေါင်းဆောင်တွေက နှစ်သစ်ကူးဆုတောင်းပေးလိုက်ပါတယ်။ 

ခရစ်သက္ကရာဇ် ၂၀၂၁ ကုန်ဆုံးပြီး နှစ်သစ်စတင်မယ့်ကာလမှာ မြန်မာနိုင်ငံကပြည်သူတွေဟာ စစ်အာဏာရှင်ဘေး၊ ကိုဗစ်ကပ်ရောဂါဘေးတွေနဲ့ ရင်ဆိုင်နေရပြီး ဘေးဒုက္ခဆိုးတွေကနေ အမြန်ဆုံးလွတ်မြောက်ပြီး ငြိမ်းချမ်းတည်ငြိမ်တဲ့ နှစ်သစ်ကို ပိုင်ဆိုင်နိုင်ပါစေကြောင်း ဘာသာပေါင်းစုံ ဓမ္မဆရာတွေက ဆုတောင်းမေတ္တာတွေပို့သပေးခဲ့ပါတယ်။

“ကမ္ဘာကြီးငြိမ်းချမ်းအောင်၊ ကိုယ့်ရဲ့နိုင်ငံရပ်ရွာ အေးချမ်းအောင်ဆောင်ရွက်ဖို့ တာဝန်ရှိတဲ့အတိုင်း ပြည်သူအားလုံးပါဝင်ကြိုးစားပေးကြဖို့” မြစ်ကြီးနား ကတ်သလစ်သာသနာမှ ခရစ်ယာန်စစ္စတာ စစ္စတာအန်းရိုဇားနူးတောင်က နှစ်သစ်ကူးဆုတောင်းမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

“၁၉၆၂ကစပြီး စစ်အာဏာရှင်အဆက်ဆက်ကြောင့် ဘေးဒုက္ခတွေနဲ့ကြုံတွေနေရတာကနေ ပြည်သူတွေအမြန်ဆုံးလွတ်မြောက်စေဖို့၊ မသူတော်လူယုတ်မာတွေဘေးက ကင်းဝေးအောင် အတူတကွရုန်းကန်ကြိုးစားနိုင်ကြပါစေကြောင်း” ဗုဒ္ဓတက္ကသိုလ်မှ ဆရာတော် ဦးဣဿရိယက ဆုတောင်းပေးခဲ့ပါတယ်။

နွေဦးတော်လှန်ရေး ဘာသာပေါင်းစုံကွန်ရက် အစ္စလာမ်ဓမ္မဆရာ မောင်လာနာ ဟာဖွီး(ဇ်)ဆရာစိုးနေဦးက “ပြည်သူတွေရဲ့စည်းလုံးမှု၊ ညီညွတ်ခြင်းအားဖြင့် အာဏာရူးအကြမ်းဖက်သမားတွေကို စုစည်းမှုနဲ့ အပြီးတိုင်တိုက်ထုတ်နိုင်ပါစေကြောင်း” နှစ်သစ်ကူးဆုတောင်းပေးပါတယ်။

ခရစ်ယာန် စစ္စတာ စိမ့်စမ်းရေက “လေးစားချစ်ခင်ခြင်း၊ တန်ဖိုးထားခြင်းတွေနဲ့အတူ အာဏာရူးကိုဖယ်ရှားပြီး နှစ်သစ်မှာ ကောင်းခြင်းမင်္ဂလာတွေရရှိပါစေကြောင်း” နှစ်သစ်ကူးဆုတောင်းပေးခဲ့ပါတယ်။

ဟိန္ဒူဘာသာပရောဟိတ်တယောက်ဖြစ်တဲ့ ဦးရှမ်း ဘော်စ်နေသ်ကလည်း “အာဏာသိမ်းစစ်ကောင်စီကြောင့် အမှောင်လွှမ်းနေတဲ့မြန်မာပြည်မှာ အဓမ္မဝါဒီတွေအမြန်ကျဆုံးပြီး ဓမ္မဝါဒ အမြန်ဆုံးပြန်လည်ထွန်းကားပါစေကြောင်း” နှစ်သစ်ဆုတောင်းပေးပါတယ်။

အစ္စလာမ်ဓမ္မသက်မှူး အလ်ဟာဂျ် မုဖ်သီ ဒေါက်တာမြင့်သိန်း (စာရေးဆရာငြိမ်းချမ်းလုလင်) ကလည်း  “ပြည်သူအားလုံးကောင်းသောရှင်သန်ခြင်း၊ ကောင်းသောဝိဥာဉ်၊ ကောင်းသောထွက်ခြင်းတွေနဲ့ထွက်ခွာနိုင်ကြဖို့” ဆုတောင်းပေးခဲ့ပါတယ်။

အာဏာရှင်စနစ်ကြောင့် အသက်ပေးခဲ့ရတဲ့ပြည်သူတွေ၊ ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့သူတွေ၊ ကိုယ်လက်အင်္ဂါချို့ယွင်းခဲ့ရသူတွေ၊ ကိုယ်စိတ်နှလုံးနွမ်းပါးခဲ့ရသူတွေအာလုံး နှစ်သစ်မှာ ကောင်းမြတ်ခြင်းတွေ ပြန်လည်ရရှိနိုင်ဖို့ ဘာသာပေါင်းစုံက ဓမ္မဆရာတွေက ဆုတောင်းမေတ္တာတွေပို့သပေးခဲ့တာပါ။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up