close

ကရင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်နှင့် KNLA တပ်တို့ တနေ့တည်း တိုက်ပွဲ ၅ ကြိမ်ဖြစ်

ကရင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်တို့ ဒီဇင်ဘာလ ၃၁ ရက်နေ့ တရက်တည်း တိုက်ပွဲ ၅ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ကရင်အမျိုးသားအစည်းအရုံ (KNU) တပ်မဟာ ၁ ထိန်းချုပ်နယ်မြေ သထုံခရိုင် ဝီယော်တံတားထိပ် တိုက်ပွဲမှာ စစ်ကောင်စီတပ်က ၉ ဦးနဲ့ ကရင်လေးဆိပ်ကမ်း တိုက်ပွဲမှာ ၁ ဦးကျဆုံးခဲ့တယ်လို့ KNLA တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

အလားတူ ကော့ကရိတ်မြို့အရှေ့ဘက် ၂ မိုင်ခန့် မြို့ဟောင်းရွာ (အံကလော်ရွာ) နားနဲ့ ကြာအင်းဆိပ်ကြီး၊ လေးကေ့ကော်မြို့တို့မှာလည်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထိခိုက်သေဆုံးမှု အခြေအနေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်က KNU ထိန်းချုပ်နယ်မြေအတွင်း ကျူးကျော်လာတာကြောင့် အခုလို တိုက်ပွဲဖြစ်ပွားနေတာလို့ KNLA တပ်ဖွဲ့ဝင်က ပြောပါတယ်။

ကရင်ပြည်နယ်အတွင်း ဒီဇင်ဘာ ၁၅ ရက်ကစတင်ပြီး စစ်ကောင်စီနဲ့ KNLA၊ PDF ပူးပေါင်းတိုက်ပွဲတွေ ၂ ပတ်ကျော်ကြာ ဖြစ်ပွားနေတာပါ။

တိုက်ပွဲကြောင့် ကျေးရွာပေါင်း ၉ ရွာက စစ်ဘေးရှောင် ၁၄၀၀၀ လောက် ထိုင်း-မြန်မာနယ်စပ် မြန်မာဘက်ခြမ်း သောင်ရင်းမြစ်ကမ်းတလျှောက်နဲ့ ထိုင်ဘက်ခြမ်းတို့မှာ ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။

တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူတွေရဲ့ နေအိမ်တွေကို စစ်ကောင်စီတပ်က ဖျက်ဆီးပြီး ကား၊ ဆိုင်ကယ် အစီးရေ ရာချီအပါအဝင် ပစ္စည်းတွေကို ခိုးယူနေကြတယ်လို့ စစ်ရှောင်ပြည်သူတွေဆီက သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up