close

၁၁ လအတွင်း စစ်တပ်က ပြည်သူ ၁၃၈၄ ဦးကို သတ်ဖြတ်၊ ၁၁၂၉၀ ခန့် ဖမ်းဆီးခံရ

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၁၁ လအကြာ အကြမ်းဖက်စစ်တပ်ရဲ့ ပစ်ခတ် သတ်ဖြတ်မှုတွေကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁၃၈၄ ယောက်နဲ့ လက်ရှိအချိန်ထိ ဖမ်းဆီးခံထားရသူ ၁၁၂၈၉ ယောက်နဲ့ ရှိတယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ အေအေပီပီက ကောက် ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၈၃၃၈ ယောက် လက်ရှိချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက အယောက် ၅၀၀ ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက်အပါအဝင် ၃၉ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

ဖမ်းဝရမ်းထုတ်ခံထားရတာကြောင့် တိမ်းရှောင်နေသူ ၁၉၆၄ ဦးအနက် မျက်ကွယ် သေ ဒဏ်ချမှတ်ခြင်းခံထားရသူ ၃၉ ဦး အပါအဝင် ၁၁၈ ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချခံထားရပြီး သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၇၈ ဦးရှိပြီဖြစ်ပါတယ်။

ဒီဇင်ဘာလ ၂၉ ရက်နေ့ ညပိုင်းတွင် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ နှမ်းခါးကျေးရွာအတွင်းကို စစ်သားများ ဝင်ရောက်လာခဲ့ပြီး ဒေသခံရွာသား ဦးထွားမောင်ကို သတ်ဖြတ်၍ မီးရှို့ခဲ့ကြောင်း သိရှိရသည်။

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ဆက်စပ်တယ်ဆိုပြီး အောက်တိုဘာလ ၂၅ ရက်နေ့ကတည်းက စွပ်စွဲခံထားရတဲ့ ပခုက္ကူမြို့၊ အမှတ် ၃ ရပ်ကွက်မှာ နေထိုင်တဲ့ ဦးမျိုးနိုင်ဟာ စစ်ကြောရေးမှာ ညှဉ်းပန်းနှိပ်စက်တဲ့ဒဏ်ကြောင့် ဒီဇင်ဘာ ၂၇ ရက်နေ့က ပခုက္ကူအကျဉ်းထောင်အတွင်း ကျဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော် လှန်ရေးကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီ ကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီးအချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up