တောင်အာဖရိက လွှတ်တော်အဆောက်အအုံတွင် မီးထပ်မံလောင်ကျွမ်း

တောင်အာဖရိကနိုင်ငံ ကိပ်တောင်းမြို့က အမျိုးသားလွှတ်တော် ၂ ရပ် တည်ရှိရာ အဆောက်အအုံမှာ ဇန်နဝါရီ ၃ ရက်က မီးထပ်လောင်လို့ မီးသတ်သမားတွေ ကြိုးစားငြှိမ်းသတ်ခဲ့ရပါတယ်။
ဇန်နဝါရီ ၂ ရက်က လွှတ်တော် အဆောက်အအုံမှာ မီးလောင်ပြီးတဲ့နောက် ထပ်လောင်ခဲ့တာပါ။ အသက် ၄၉ နှစ်အရွယ် အမျိုးသားတယောက်ကို ခိုးမှု၊ မီးရှို့မှု၊ တခြားအမှုတွေနဲ့ တရားစွဲထားပြီး ဇန်နဝါရီ ၄ ရက်နေ့ တရားရုံးထုတ်ခံရဖို့ ရှိတယ်လို့ သိရပါတယ်။
အမျိုးသားညီလာခံဥက္ကဋ္ဌကတော့ ဒီမီးရှို့မှုဟာ နိုင်ငံရဲ့ ဒီမိုကရေစီကို ခြိမ်းခြောက်မှုအဖြစ် ကိုယ်စားပြုတယ်လို့ ပြောပါတယ်။
ဇန်နဝါရီ ၂ ရက်က လွှတ်တော်ထဲနဲ့ လွှတ်တော် အမိုးအောက်က နေရာလွတ်တွေမှာ မီးလောင်ကျွမ်းခဲ့တာကြောင့် အမိုးပြုကျခဲ့တယ်လို့ ကိပ်တောင်းမြို့ မီးသတ်ဌာန ပြောခွင့်ရက မနေ့မွန်းလွဲပိုင်းမှာ ပြောပါတယ်။
၁၈၈၄ ခုနှစ်တည်းက ဆောက်ထားတဲ့ အထက်လွှတ်တော်ရှိရာ အဆောင်ဟောင်း အမိုးလည်း တစိတ်တပိုင်း ပြိုကျခဲ့ပါတယ်။