လွတ်လပ်ရေးနေ့ အင်းစိန်ထောင်မှ နိုင်ငံရေးအကျဉ်းသားများ မလွတ်မြောက်သေး

ရန်ကုန်မြို့ အင်းစိန်ဗဟိုအကျဉ်းထောင်ရှေ့မှာ ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့ ဒီကနေ့ နေ့လယ်ပိုင်းအထိ အကျဉ်းသားးတွေ ပြန်လွတ်လာမလားလို့ လာစောင့်ဆိုင်းသူ အနည်းငယ်သာရှိပြီး ပုံမှန်လုံခြုံရေးဆောင်ရွက်နေတာကို တွေ့ရပါတယ်။
လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် အာဏာသိမ်းစစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့အတွက် ထောင်အာဏာပိုင်တွေကို အခုချိန်အထိ တစုံတရာညွှန်ကြားခြင်းမရှိသေးဘူးလို့လည်း သိရပါတယ်
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးထားတဲ့ အစိုးရအဖွဲ့ဝင်တွေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ထိပ်ပိုင်းခေါင်းဆောင်တွေ၊ အနုပညာရှင်တွေနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားသူတွေကို ပြစ်ဒဏ် ဆက်တိုက်ဆိုသလိုချမှတ်ခဲ့တဲ့အတွက် လွတ်လပ်ရေးနေ့အပါအဝင် မကြာမီ လွတ်ငြိမ်းခွင့်နဲ့ ပြန်လွတ်ပေးနိုင်တယ်လို့ ပြည်သူတွေကလည်း မျှော်လင့်နေခဲ့ကြတာပါ။
စစ်တပ်အာဏာသိမ်းထားစဉ်ကာလ ၁၁ လကျော်အတွင်း အပြစ်မဲ့ပြည်သူ ၁၁၃၂၈ ဦးကို ဖမ်းဆီးထိန်းသိမ်းခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။