ယင်းမာပင်ခရိုင်အတွင် မြို့နယ် ၃ ခုကို စစ်ကောင်စီက ရိက္ခာဖြတ်တောက် ဖမ်းဆီးနေ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အတွင်း ကနီ၊ ပုလဲ၊ ယင်းမာပင်မြို့နယ်တွေအတွက် စားနပ်ရိက္ခာသယ်ယူတာတွေကို မုံရွာအထွက် စစ်ဆေးရေးဂိတ်တွေမှာ စစ်ကောင်စီက ဖမ်းဆီးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ရိက္ခာဖြတ်နောက်တာတွေကို နိုဝင်ဘာလပိုင်းကတည်းက ပြုလုပ်နေတာဖြစ်ပြီး အခုလို ရိက္ခာဖြတ်တေက်ခံရတာ အချိန်ကြာမြင့်လာတာကြောင့် ဒေသခံတွေ အစားအသောက်နဲ့ ဆေးဝါးတွေ အခက်အခဲရှိလာနေပြီလို့ ဒေသခံရွာတွေက ပြောပါတယ်။
“သူတို့က မုံရွာထဲ ဈေးဝယ်သွားမယ်ဆိုရင် မှတ်ပုံတင်တွေစစ်တယ်။ သူတို့မထင်ရင် ရိုက်နှက်တယ်။ ဖမ်းဆီးတယ်။ အဲဒီလိုဖမ်းပြီး ပိုက်ဆံနဲ့အရွေးခိုင်းတယ်။ နောက်ပြီး မုံရွာက ဈေးဝယ်ပြန်လာပြီဆိုရင် ကားပေါ်မှာ ဆန်အိတ် ၅ အိတ်ထက်ကျော်ရင် အကုန်ချယူတယ်။ ကားတစ်စီးကို တစ်နေ့ တစ်ကြိမ်ပဲ မြို့ထဲအဝင်ခံတယ်။ အိမ်ဆောက်သံပစ္စည်းတွေ၊ ဖိုက်ဘာပိုက်တွေဆို လုံးဝကို အသယ်မခံဘူး။ အကုန်ဖမ်းတာ။ ဆေးဝါးဆို ဘာတစ်ခုမှ အသယ်မခံဘူး” လို့ ယင်းမာပင်ခရိုင်အတွင်း သယ်ယူပို့ဆောင်ရေးကားသမားတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီက အခုလို ဖမ်းဆီးတာတွေကို ချင်းတွင်းတံတား အနောက်ဘက်အခြမ်းရှိ ရွှေတောင်ဦးကုန်းအနီးမှာ စစ်ဆေးရေးဂိတ်တစ်ခု၊ ကနီမြို့ဘက်သွားတဲ့ မုံရွာ-ယာကြီး-ကလေးဝ လမ်းပေါ်မှာ ဂိတ်တစ်ခု၊ ယင်းမာပင်နဲ့ ပုလဲမြို့နယ်တွေကို သွားရာမှာလည်း စစ်ဆေးရေးဂိတ်တွေ ၅ ခုလောက်ဖွင့်ပြီး စစ်ဆေးတာတွေ နေ့စဉ် ပြုလုပ်နေတယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်းအတွင်းက ကျေးရွာတွေဟာ စားသောက်ကုန်နဲ့ ဆေးဝါးတွေအတွက် မုံရွာမြို့ကို အားကိုးအားထား အမှီပြုဝယ်ယူနေရတာလည်း ဖြစ်ပြီး စစ်ကောင်စီက ရိက္ခာအဖြတ်ခံထားရတဲ့ မြို့နယ်တွေဟာ စစ်ကောင်စီကို ကာလအရှည်ကြာဆုံး လက်နက်ကိုင်တိုက်ပွဲဝင်နေတဲ့ မြို့နယ်တွေလည်း ဖြစ်ပါတယ်။