close

ရက်ပေါင်း ၅၀ ကျော်တဲ့အထိ မြန်မာပလာဇာကို ပြည်သူများသပိတ်မှောက်ဆဲ

ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်မှာဖွင့်လှစ်ထားတဲ့ မြန်မာပလာဇာကို ရက်ပေါင်း ၅၀ ကျော်လာတဲ့အထိ ပြည်သူတွေက သပိတ်မှောက်ထားဆဲဖြစ်တယ်လို့ မြန်မာပလာအသိုင်းအဝိုင်းက စုံစမ်းသိရှိရပါတယ်။

၂၀၂၁၊နိုဝင်ဘာ ၂၅ ရက်နေ့က မြန်မာပလာဇာအတွင်း  စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြတဲ့ လူငယ်တချို့ကို ပလာဇာလုံခြုံရေးဝန်ထမ်းတွေက ဝိုင်းဝန်းရိုက်နှက်ဖမ်းဆီးခဲ့တဲ့ အတွက် ပြည်သူတွေရဲ့ ဝေဖန်မှုမြင့်တက်ခဲ့ရပါတယ်။

ဒါ့ကြောင့် မြန်မာပလာဇာအတွင်းမှာရှိတဲ့ နာမည်ကြီးဆိုင်တွေအပါအဝင် ဆိုင်ခန်းအားလုံးနီးပါး ယာယီပိတ်တယ်လို့ အဆိုပါနေ့က  ကြေညာခဲ့ပါတယ်။

အခုအခါ မြန်မာပလာဇာအတွင်းမှာရှိတဲ့ ဆိုင်ခန်းအားလုံးနီးပါးပြန်လည်ဖွင့်လှစ်ထားပေမယ့် လာရောက်သူမှာ မရှိသလောက်နည်းပါးပြီး ခရစ္စမတ်လိုပွဲတော်ကာလမှာပင် လာရောက်သူမရှိဘူးလို့ ပလာဇာအတွင်းမှာဖွင့်လှစ်ထားတဲ့ ဆိုင်ထမ်းတွေကပြောပါတယ်။

“အခုထိမလာကြဘူး။တစ်ချို့ဆိုင်တွေဆိုရင် တစ်နေ့လုံးနေလို့ ပစ္စည်းတစ်ခုမရောင်းရဘူး။တစ်ဦးစ နှစ်ဦးစ လာတာမျိုးတော့ရှိတာပေါ့”ဟု ပလာဇာအတွင်း အထည်ဆိုင်ဖွင့်လှစ်ထားတဲ့ အရောင်းဝန်ထမ်းတစ်ဦးကပြောပါတယ်။

ပြည်သူများ၏သပိတ်မှောက်မှုနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာပလာဇာကတော့ ဈေးဝယ်သူတွေနဲ့ လာရောက်သူတွေ များပြားလာအောင် ၂၀၂၂ ဇန်နဝါရီ ၁၅ ထိ အခမဲ့ကားရပ်နားခွင့် (၄) နာရီပေးတာတွေနဲ့ ပရိုမိုးရှင်းအမျိုးမျိုး၊ကံစမ်းမဲအမျိုးမျိုး ပေးနေတယ်လို့ ဆွဲဆောင်ခဲ့ပေမယ့် လာရောက်သူတွေဟာ နည်းပါးနေဆဲဖြစ်တယ်လို့ အဆိုပါ ဝန်ထမ်းတွေကပြောဆိုထားပါတယ်။

လက်ရှိအခြေအနေမှာတော့ ပလာဇာအတွင်းတွင် လာရောက်သူအနည်းငယ်နဲ့ ဆိုင်ဝန်ထမ်းများ၊လုံခြုံရေးဝန်ထမ်းတွေကိုသာ တွေ့မြင်နေရတယ်လို့ မြန်မာပလာဇာကိုစောင့်ကြည့်နေတဲ့ လူငယ်တစ်ဦးက ပြောပါတယ်။

“အမြဲတမ်းတော့မရောက်ဖြစ်ဘူး။ တစ်ပတ်တစ်ခါလောက်တော့ ပလာဇာထဲ ကအခြေအနေဘယ်လိုရှိလဲဆိုတာ ဝင်ကြည့်ဖြစ်တယ်။ ပြည်သူတွေနာကျည်းနေဆဲပါပဲ။”

လက်ရှိ ပလာဇာအတွင်းဖွင့်လှစ်နေတဲ့ဆိုင်ခန်းပိုင်ရှင်တွေကို စစ်ကောင်စီက ၂၀၂၁၊ နိုဝင်ဘာ ၂၈မှာ ရန်ကုန်မြို့တော်ခန်းမကိုဆင့်ခေါ်ပြီး ခံဝန်ထိုးခိုင်းတာ ၊ခံဝန်မထိုးပါက လုပ်ငန်းပိတ်သိမ်းရမယ်လို့ ခြိမ်းခြောက်ခံခဲ့ရတဲ့အတွက် ပြန်လည်ဖွင့်လှစ်နေရတာလို့ ဆိုင်ရှင်တစ်ဦးကပြောပါတယ်။

မြန်မာပလာဇာ လုံခြုံရေးဝန်ထမ်းတွေရဲ့ လုပ်ရပ်အပေါ် ပြည်သူတွေနည်းတူ ရန်ကုန်ရှိ တော်လှန်ရေးအဖွဲ့တွေက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး လက်တုံ့ပြန်မယ်လို့ကြေညာပြီးနောက် စစ်ကောင်စီရဲ့ လက်နက်ကိုင်တွေက တစ်လကျော်ကြာတဲ့အထိ လုံခြုံရေးယူပေးခဲ့ရပေမဲ့ ယခုအခါ အဆိုပါလက်နက်ကိုင်တပ်တွ ရုပ်သိမ်းသွားပြီလို့ ပလာဇာဝန်ထမ်းတွေက ပြောပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up