close

မြန်မာတွင် တရက်တည်း အိုမီခရွန်ပိုးတွေ့လူနာ ၄၂ ဦးထပ်တိုး၊ စုစုပေါင်း ၁၁၈ ဦးထိရှိလာ

FILE PHOTO: People pose with syringe with needle in front of displayed words "OMICRON SARS-COV-2" in this illustration taken, December 11, 2021. REUTERS/Dado Ruvic/Illustration

မြန်မာနိုင်ငံမှာ SARS-CoV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုးတွေ့လူနာ ၄၂ ယောက် ထပ်မံစစ်ဆေးတွေ့ရှိရပြီး စုစုပေါင်း ၁၁၈ ယောက်ထိ ရှိလာပြီဖြစ်ပါတယ်။

ပြည်ပနိုင်ငံတွေက ပြန်လည်ရောက်ရှိလာပြီး ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူတွေရဲ့ ဓာတ်ခွဲ နမူနာတွေထဲက မျိုးရိုးဗီဇပြောင်း ရောဂါပိုးတွေ့ရှိနိုင်တဲ့ သံသယဖြစ်ဖွယ် ဓာတ်ခွဲနမူနာတွေကို စစ်ဆေးခဲ့ရာမှ ၄၂ ခုမှာ အိုမီခရွန်ရောဂါပိုး တွေ့ရှိခဲ့ရတာလို့ စစ်ကောင်စီကျန်းမာ ရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၇ ရက်ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

အဲဒီထဲမှာ မြန်မာနိုင်ငံသား ၃၆ ယောက်နဲ့ နိုင်ငံခြားသား ၆ ယောက်ပါဝင်ပြီး Relief Flight တွေနဲ့ ဝင်ရောက်လာသူတွေဖြစ်ကာ အိန္ဒိယနိုင်ငံက ၂၁ ယောက်၊ မလေးရှားနိုင်ငံက ၁၂ ယောက်၊ ဖိလစ်ပိုင်နိုင်ငံက ၄ ယောက်၊ ထိုင်းနိုင်ငံက ၃ ယောက်၊ ယူအေအီးနိုင်ငံက ၁ ယောက်နဲ့ စင်ကာပူနိုင်ငံက ၁ ယောက်ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တုန်းကတော့ ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့ကနေ ကယ်ဆယ်ရေး လေယာဉ်နဲ့ ပြန်လည်ဝင်ရောက်လာသူ မြန်မာနိုင်ငံသား ၄ ယောက်မှာ အိုမီခရွန်ရောဂါပိုး တွေ့ရှိရကြောင်း ကနဦး ထုတ်ပြန်ထားခဲ့တာပါ။

အဲဒီနောက် ဇန်နဝါရီ ၇ ရက်နေ့မှာတော့ မြန်မာနိုင်ငံသား ၁၁ ယောက်နဲ့ နိုင်ငံခြားသား ၁ ယောက်၊ စုစုပေါင်း ၁၂ ယောက်၊ ဇန်နဝါရီ ၁၁ ရက်မှာ အိန္ဒိယနိုင်ငံက ပြန်လာတဲ့ မြန်မာနိုင်ငံသား ၃ ယောက်၊ ဇန်နဝါရီ ၁၂ ရက်မှာ အိန္ဒိယပြန်လာတဲ့ မြန်မာနိုင်ငံသား ၂ ယောက်၊ ဇန်နဝါရီ ၁၃ ရက်မှာ မြန်မာနိုင်ငံသားအယောက် ၄၀ အပါအဝင် လူပေါင်း ၄၂ ယောက်၊ ဇန်နဝါရီ ၁၄ ရက်မှာ မြန်မာကို ဝင်ရောက်လာတဲ့ နိုင်ငံခြားသား ၃ ယောက်တို့မှာ အိုမီခရွန်ရောဂါပိုး တွေ့ရှိကြောင်း ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ဇန်နဝါရီ ၁၅ ရက်မှာလည်း နိုင်ငံခြားသား ၃ ယောက်နဲ့ မြန်မာနိုင်ငံသား ၇ ယောက်မှာ SARS-CoV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုး ထပ်မံစစ်ဆေး တွေ့ရှိရတယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အိုမီခရွန်ဟာ ကိုဗစ်ဖြစ်ဖူးသူတွေမှာ ပြန်ဖြစ်နိုင်ခြေများပြီး အရင်မျိုးစိတ်တွေထက်ပိုပြီး ကူးစက်မြန်စေတယ်လို့ ကျန်းမာရေးပညာရှင်တွေက ပြောထားပြီး ကာကွယ်ဆေးထိုးနှံ ပြီးသူတွေမှာလည်း ပြန်ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ ဗီဇပြောင်းမျိုးကွဲကိုဗစ်ပိုး အိုမီခရွန်ဟာ လက်ရှိနိုင်ငံ ၁၄၀ ကျော်မှာ ကူးစက်ပျံ့နှံ့နေပြီး အဲဒီမျိုးကွဲကြောင့် သေဆုံးသူ ၁၁၀ ကျော် ရှိနေပြီဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up