close

ဂန့်ဂေါမြို့နယ် စမ်းမြို့ရွာကို စစ်ကောင်စီတပ် မီးရှို့၊ နေအိမ် ၈ လုံး မီးလောင်ကျွမ်း

မကွေးတိုင်း ဂန်ဂေါမြို့နယ် စမ်းမြို့ရွာကို ဇန်နဝါရီ ၁၈ ရက်နေ့ ညနေပိုင်းမှာ စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

စမ်းမြို့ကျေးရွာကို စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးအဖွဲ့ အင်အား ၄၀ လောက်ဝင်ရောက်ပြီး ပြည်သူတွေရဲ့ နေအိမ်တွေကို ဒီကနေ့ ညနေ ၃ နာရီခွဲလောက်မှာ မီးရှို့ ဖျက်ဆီးနေကြတယ်လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

“မီးက အခု ၅ နာရီကျော်တဲ့အထိ လောင်နေတုန်းပဲဗျ။ အဝေးကနေ မီးခိုးလုံးတွေ မီးတောက်တွေကို လှမ်းမြင်နေရတယ်။ စစ်ကောင်စီတပ်တွေ ရှိနေသေးတာကြောင့် ဘယ်သူမှလည်း သွားမငြှိမ်းရဲကြဘူး။ စစ်ကောင်စီတပ်တွေကတော့ တစ်ရွာလုံး ကုန်အောင် မီးရှို့ပစ်မယ်လို့ ကြိမ်းဝါးနေတယ်” လို့ ဆိုပါတယ်။

ဟံသာဝတီနဲ့ မြောက်ခင်ရမ်းရွာကနေ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေလည်း ၅ နာရီကျော်လောက်မှာ စမ်းမြို့ရွာဘက်ကို စစ်ကူအင်အားဖြည့်ဖို့ ထပ်လိုက်လာကြတယ်လို့ ပြောပါတယ်။

စမ်းမြို့ရွာကို ဒီဇင်ဘာ ၂၂ ရက်နေ့ကလည်း စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးအင်အား ၁၅၀ လောက်က မီးရှို့ဖျက်ဆီးတာကြောင့် နေအိမ် ၃၀ ကျော်လောက် မီးလောင်ကျွမ်းခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်တွေ ဖမ်းဆီးနှိပ်စက်မှာကို ကြောက်ပြီး စမ်းမြို့ကျေးရွာမှာ အိမ်ခြေ ၂၀၀ ကျော်လောက်နဲ့ အနီးပတ်ဝန်းကျင် ကျေးရွာ ၆ ရွာက ဒေသခံပြည်သူတွေလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတာကြောင့် စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ အဝတ်အထည်တွေ အကူအညီ လိုအပ်နေတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up