close

စမ်းမြို့ကျေးရွာကို စစ်ကောင်စီတပ် မီးရှို့၊ အိမ်ခြေ ၁၀၀ ကျော် မီးလောင်ဆုံးရှုံး

မကွေးတိုင်း ဂန့်ဂေါမြို့နယ် စမ်းမြို့ရွာကို ဇန်နဝါရီလ ၁၈ ရက်နေ့ ညနေပိုင်းမှာ စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် ၁၀၀ ကျော်လောက် မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

စမ်းမြို့ကျေးရွာကို စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးအဖွဲ့ အင်အား ၄၀ လောက်ဝင်ရောက်ပြီး ပြည်သူတွေရဲ့ နေအိမ်တွေကို ညနေ ၃ နာရီခွဲလောက်ကစလို့ မီးရှို့ ဖျက်ဆီးခဲ့တာကြောင့် အိမ်ခြေ ၁၀၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံတစ်ယောက်က ဒီဗွီဘီကိုပြောပါတယ်။

စမ်းမြို့ရွာမှာ အိမ်ခြေ ၂၀၀ လောက်ရှိတဲ့ထဲက နေအိမ် ၁၄ လုံးပဲ ကျန်တော့တယ်။ စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးတွေပေါင်းပြီး မီးရှို့ဖျက်ဆီးခဲ့ကြတာ၊ နေအိမ်တွေက အဖိုးတန်ပစ္စည်းတွေနဲ့ ငွေကြေးတွေကိုလည်း ယူဆောင်သွားကြတယ်လို့ ဆိုပါတယ်။

“သူတို့မီးရှို့တော့ အဝေးကနေပဲ လှမ်းကြည့်နေရတာ၊ ဘယ်သူမှလည်း သွားမငြိမ်းရဲကြဘူး။ စစ်ကောင်စီတပ်တွေက တစ်ရွာလုံးကုန်အောင် မီးရှို့မယ်လို့ ကြိမ်းဝါးပြီးမှ ရှို့သွားတာ။ အကြမ်းဖက်စစ်တပ်က ပြည်သူလူထုရဲ့ အိုးအိမ်တွေကို မီးရှို့ဖျက်ဆီးတာဟာ လူမဆန်တဲ့ လုပ်ရပ်ဖြစ်သလို စစ်ရာဇဝတ်မှု ကျူးလွန်တာဖြစ်တယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

စမ်းမြို့ရွာကို ဒီဇင်ဘာလ ၂၂ ရက်နေ့ကလည်း စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးအင်အား ၁၅၀ လောက်က မီးရှို့ဖျက်ဆီးတာကြောင့် နေအိမ် ၃၀ ကျော် မီးလောင်ကျွမ်းခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်တွေ ဖမ်းဆီးနှိပ်စက်မှာကို ကြောက်ပြီးတော့ စမ်းမြို့ကျေးရွာမှာ အိမ်ခြေ ၂၀၀ ကျော်လောက်နဲ့ အနီးပတ်ဝန်းကျင်မှာရှိတဲ့ ကျေးရွာ ၆ ရွာက ဒေသခံပြည်သူတွေလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတာကြောင့် စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ အဝတ်အထည်တွေ အကူညီလိုအပ်နေတယ်လို့ သိရပါတယ်။

ပြည်သူလူထုရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ အမြဲတမ်းငြင်းဆိုနေကျ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up