close

အာဖဂန်အရပ်သားများ သေဆုံးခဲ့သည့် ဒရုန်း တိုက်ခိုက်မှုဖြစ်စဉ်ရုပ်သံ အမေရိကန်စစ်တပ် ဖြန့်ချိ

အာဖဂန်နစ္စတန်ကနေ အမေရိကန်စစ်တပ်တွေ ပြန်ဆုတ်ခွာတဲ့ နောက်ဆုံးရက်ဖြစ်တဲ့ ဩဂုတ်လက အာဖဂန် အရပ်သား ၁၀ ယောက်သေဆုံးခဲ့တဲ့ အမေရိကန်ဒရုန်းယာဉ် တိုက်ခိုက်မှု ဖြစ်စဉ်ကို ရိုက်ကူးထားတဲ့ရုပ်သံကို အမေရိကန်စစ်တပ် အလယ်ပိုင်းစစ်တိုင်းက ဇန်နဝါရီ ၁၉ ရက်မှာ ထုတ်လွှင့်ဖြန့်ချိ လိုက်ပါတယ်။

သည်နယူးယောက်တိုင်းမ်စ်သတင်းစာက သတင်းအချက်အလက် လွတ်လပ်ခွင့် အက်ဥပဒေနဲ့ တရားစွဲ ပြီးတဲ့နောက် ဒီရုပ်သံကို ထုတ်ပေးလိုက်တာပါ။

ဒီဒရုန်းယာဉ်နဲ့ တိုက်ခိုက်မှုအတွက် ဘယ်အမေရိကန် စစ်ဘက်အရာရှိကိုမှ တာဝန်ယူခိုင်းမှာ မဟုတ်ဘူးလို့ ပင်တဂွန်စစ်ဌာနချုပ်က ဒီဇင်ဘာလမှာ ပြောခဲ့ပါတယ်။

ဩဂုတ် ၂၉ ရက်က ဒရုန်းယာဉ်နဲ့တိုက်ခိုက်မှုဟာ အဆက်အသွယ်ပြတ်တောက်မှု၊ တချို့ ရှုထောင့်တွေကို ပံ့ပိုးပေးတဲ့ အချက်အလက်တွေကို အဓိပ္ပါယ်ဖော်ရာမှာ အမှားအယွင်းတွေကြောင့်  ဖြစ်ရတာလို့ လေတပ် စစ်ဆေးရေးအရာရှိချုပ်ရဲ့ အစောပိုင်း စုံစမ်းစစ်ဆေးမှုက ဆိုပါတယ်။ ဒီကိစ္စကို ကံဆိုးတဲ့ အမှားအဖြစ် စစ်တပ်က အစောပိုင်းမှာ သတ်မှတ်ခဲ့ပါတယ်။ 

လေဆိပ်မှာ အမေရိကန်ဦးဆောင်တဲ့ တပ်တွေကို ခြိမ်းခြောက်မှု ဖြစ်နေတဲ့ အိုင်အဲ့စ် စစ်သွေးကြွ အသေခံ ဗုံးခွဲသမားကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာလို့ ပင်တဂွန်စစ်ဌာနချုပ်က အစောပိုင်းမှာ ပြောခဲ့ပါတယ်။

ဒါပေမဲ့ ဒရုန်းယာဉ်ဟာ ကဘူးမြို့တော် ဟာမစ်ကာဇိုင်းနိုင်ငံတကာ လေဆိပ်အနောက်ဘက်က ရပ်ကွက်ထဲကို ပစ်ခတ်မိခဲ့လို့ ကလေးတွေအပါအဝင် အရပ်သားတွေ သေဆုံးခဲ့တယ် ဆိုတဲ့ အစီရင်ခံစာတွေ ချက်ချင်းဆိုသလို ပေါ်ထွက်ခဲ့ပါတယ်။

အိုင်အဲ့စ် အသေခံဗုံးခွဲသမား တယောက်က လေဆိပ်ဝင်ပေါက် အပြင်ဘက်မှာ စုပုံနေတဲ့ အမေရိကန်စစ်သည် ၁၃ ယောက်နဲ့ အာဖဂန် အရပ်သားတွေကို သတ်ခဲ့အပြီး ၃ ရက်အကြာမှာ ဒရုန်း ယာဉ်နဲ့ တိုက်ခိုက်ခဲ့တာပါ။

အဲဒီအချိန်ဟာ အမေရိကန်က သင်တန်းပေးထားတဲ့ အာဖဂန်စစ်တပ်က ထွက်ပြေးပြီး တာလီဘန်တွေက မြို့တော်ကို အလုံးအရင်းနဲ့ ဝင်လာချိန် ဘေးကင်းရာ ရွှေ့ပေးမယ့် လေကြောင်းခရီးစဉ်တွေမှာ ထိုင်ခုံတွေ လုံခြုံအောင် ထားဖို့ စိတ်အား ထက်သန်နေချိန်လည်း ဖြစ်တယ်လို့ ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up