close

ရေစကြိုမြို့နယ်တွင် တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦး သေဆုံး

မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ်မှာ ဇန်နဝါရီ ၂၁ ရက်မနက်က စစ်ကောင်စီတပ်သားတွေရဲ့ ပစ်ခတ်မှုကြောင့် ရေလယ်ကျွန်းဒေက နေရင်းကျေးရွာက ပြည်သူတစ်ဦး သေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။

“၃ ယောက်ထိတာ၊ ၁ ယောက်သေသွားပြီ၊ မနက်အစောကြီးပဲ လူသူမကွဲခင်ကဖြစ်တာ၊ အပစ်ခံရတာက ပြည်သူပါပဲ။ ရွာ ၂ ရွာကြားမှာ ဖြစ်တာ။ အခုမနက်ပိုင်း ဖမ်းသွားခံရတဲ့ လူတွေလည်း ရှိတယ်ကြားတယ်၊ ဘယ်နှယောက်အဖမ်းခံရတယ်က မသိဘူး။ ကျနော်တို့  ရွာထဲမပြန်ရဲသေးဘူး၊  ထွက်ပြေးနေရတုန်း” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ရေစကြိုမြို့နယ်မှာ ဇန်နဝါရီ ၂၀ ရက်နေ့ ညနေပိုင်းက စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေး မဟာမိတ် ၄ ဖွဲ့လောက်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသ နေရင်းရွာနဲ့ မင်းရွာကြားမှာ ဇန်နဝါရီ ၂၀ ရက်နေ့ ညနေ ၃ နာရီလောက်က အင်အား ၁၀၀ လောက်နဲ့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်တွေကို ပြည်သူ့ကာကွယ်ရေး ညီနောင်မဟာမိတ်တပ်ဖွဲ့ ၄ ဖွဲ့ ပူးပေါင်းပြီး ခုခံတိုက်ခိုက်ခဲ့တာလို့ ရေစကြို PDF ခေါင်းဆောင် ရဲဘော်ဝေကြီးက ဒီဗွီဘီကို ပြောပါတယ်။

“စစ်ကောင်စီဘက်ကတော့ အင်အား ၁၀၀ လောက်ရှိတယ်။ ကျနော်တို့ဘက်က ညီနောင်မဟာမိတ် ၄ ဖွဲ့ပေါင်းပြီး တိုက်ခိုက်ခဲ့တာဗျ။ တိုက်ပွဲက အချိန် ၁၅ မိနစ်လောက်ကြာအောင် အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့ကြတယ်။ စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး ကျနော်တို့ဘက်ကလည်း ၄၀ မမတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ကြတယ်။ တစ်ဖက်နဲ့ တစ်ဖက် အဝေးကနေ လှမ်းပစ်ကြတာဆိုတော့ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေနေကို အတိကျမသိရသေးဘူး။”

စစ်ကောင်စီတပ်တွေဟာ ဇန်နဝါရီ ၂၀ ရက်နေ့ မနက် ၁၀ နာရီလောက်ကတည်းက လှေခုတ်ရွာနားမှာ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ပစ်ခတ်သလို ညနေပိုင်းတိုက်ပွဲဖြစ်ပြီးနောက် ညဘက် မင်းရွာ ကျေးရွာမှာ စခန်းချညအိပ်ကာ ဒီနေ့မနက် ၅ နာရီလောက်  ပေါက်တောရွာကို သွားရောက်ရှာဖွေမှုပြုလုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ပေါက်တောကနေ နေရင်းရွာအလာမှာ နေရင်းက ရွာသူ ရွာသားတွေ ကြောက်လန့်ထွက်ပြေးကြတာကို ရမ်းသန်းပစ်ခတ်တာကြောင့် ၃ ဦး ထိခိုက်တာမှာ အသက် ၆၅ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးသွားတာဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာ ရေလယ်ကျွန်းဒေသ ကျေးရွာတွေအတွင်းကို လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်ကြသလို  ကျေးရွာတွင်းက တန်ဖိုးကြီးပစ္စည်းတွေနဲ့ စားသောက်စရာပစ္စည်းတွေ  လူ့အသုံးအဆောင်ပစ္စည်းတွေကို  ယူဆောင်တာ ဖျက်ဆီးမီးရှို့တာတွေကို လာရောက်ပြုလုပ်ကြတာကြောင့် ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

နှစ်ဖက်တိုက်ပွဲနဲ့ ပတ်သက်လို့ ထိခိုက်သေဆုံးတဲ့ အခြေနေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up