close

အခက်ခဲများကြားမှ YDF-ထီးလင်း အခြေခံစစ်ပညာသင်တန်းဆင်း

မကွေးတိုင်း၊ ထီးလင်းမြို့နယ်မှာ အခက်ခဲတွေကြားထဲကနေ အခြေခံစစ်ပညာသင်တန်း အမှတ်စဥ်(၃)ဆင်းပွဲကို ကျင်းပနိုင်ခဲ့တယ်လို့ YDF ထီးလင်းက ဇန်နဝါရီ  ၂၂ ရက်မှာ ထုတ်ပြန်ပါတယ်။

YDF-ထီးလင်းရဲ့ အခြေခံစစ်ပညာသင်တန်းကို ဇန်နဝါရီ ၁၉ ရက်မှာ အမျိုးသား ၁၇၀ အမျိုးသမီး ၃၀ နဲ့ သင်တန်းဆင်းပွဲပြုလုပ်ပေးခဲ့တာဖြစ်ပြီး သင်တန်းဆင်းပွဲကို စစ်ကြောင်းပုံနဲ့ ပြုလုပ်ကာ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပေးပို့တဲ့ သဝဏ်လွှာကို ဖတ်ကြားခဲ့တယ်လို့ ဆိုပါတယ်။

ယောဒေသကို စစ်ကောင်စီတပ်တွေက အဆက်မပြတ် စစ်ကြောင်းထိုးနေတဲ့ကြားကနေ ခက်ခက်ခဲခဲ သင်တန်းပို့ချရတာလို့ YDF-ထီးလင်းရဲ့ ခေါင်းဆောင်က ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ဆီမှာ လူငယ်တွေက စစ်ပညာသင်ရတာကို အရင်တုန်းကထက်ပိုပြီး စိတ်ဝင်စားမှုရှိလာတယ်။ လစာယူဖို့ သင်တန်းလာတက်တာမဟုတ်ဘဲ စစ်အာဏာရှင်ကို အမြစ်ပြတ်တော်လှန်မယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ လာတက်ကြတာဖြစ်လို့ နှစ်လလောက်သင်ရမယ့် သင်ခန်းစာတွေကို တစ်လတည်းနဲ့တတ်မြောက်တယ်။ ကျနော်တို့ဆီမှာ သင်တန်းတက်ဖို့ နောက်ထပ်စာရင်းသွင်းထားတဲ့ သူတွေလည်း အများကြီးကျန်သေးတယ်”လို့ YDF-ထီးလင်းရဲ့ ခေါင်းဆောင်က  ပြောပါတယ်။

သင်တန်းဆင်းပြီးတဲ့ လူငယ်တွေကို နောက်ထပ်မွမ်းမံသင်တန်းတွေထပ်ပို့ချမှာဖြစ်ပြီး လေ့ကျင့်ရင်းနဲ့တိုက်၊ တိုက်ရင်းနဲ့ လေ့ကျင့်ဆိုတဲ့ စနစ်နဲ့ စစ်အာဏာရှင်ကို တိုက်ထုတ်သွားမယ်လို့ ဆိုပါတယ်။

YDF-ထီးလင်းရဲ့ ခေါင်းဆောင်က  “ကျနော်တို့ ယောဒေသဆိုတာကလည်း ချင်းပြည်နယ်ရဲ့ ခြံစည်းရိုးဖြစ်သလို ချင်းပြည်နယ်ကို စစ်ကြောင်းထိုးမယ်ဆိုရင် ယောဒေသကို ဖြတ်ပြီးတော့မှာ သွားလို့ ရမှာဖြစ်တယ်။ ဒါကြောင့်မို့ ယောဒေသအတွင်းက ကျေးရွာတွေကို ဝင်ရောက်ပြီး ပြည်သူတွေကိုအကြမ်းဖက် ဖမ်းဆီသတ်ဖြတ်ပြီးကျေးရွာတွေကို မီးရှို့ ဖျက်ဆီးခဲ့ကြတာ။ စစ်ကောင်စီတပ်တွေက အကြမ်းဖက်မီးရှို့တာဟာ သူတို့အာဏာတည်မြဲဖို့ ပြည်သူတွေအကြောက်တရားဖြစ်အောင် လုပ်တာပဲ။ ပြည်သူလူထုအနေနဲ့ PDF တွေဘက်ကို မရပ်တည်ရဲအောင် သတင်းမပေးရဲအောင် လုပ်တဲ့သဘောပဲ”လို့  ပြောပါတယ်။

မြန်မာနိုင်ငံ ဒေသအနှံ့ မြို့နယ်အသီးသီးမှာ အာဏာသိမ်းစစ်ကောင်စီကို အမြစ်ပြတ်တော်လှန်တိုက်ထုတ်မယ်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ လူငယ်အများစုဟာ PDF တပ်ဖွဲ့တွေထဲကို ဝင်ရောက် စစ်သင်တန်းတက်ရောက်ကြပြီး နောက်ထပ်လည်း သင်တန်းတက်ရောက်ဖို့ စာရင်းသွင်းထားတဲ့ လူငယ်တွေ အများအပြားရှိနေတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up