close

ဒီးမော့ဆိုမြို့နယ်တွင်တိုက်ပွဲပြင်းထန် နှစ်ဖက် ထိခိုက်သေဆုံး

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါမိုးစီ ၊ ၅ မိုင်နဲ့ ၆ မိုင်တို့မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတာကြောင့် ဇန်နဝါရီ ၂၁ ရက်က တိုက်ပွဲဖြစ်ခဲ့ပြီး နှစ်ဖက်စလုံးမှာ ထိခိုက်သေဆုံး ဒဏ်ရာရတာတွေ ရှိနေပါတယ်။

ကရင်နီတပ်မတော်(KA)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDFတို့ပူးပေါင်းပါဝင်တဲ့ မဟာမိတ်တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့   မနေ့က တနေကုန်ပြင်းပြင်းထန်ထန်တိုက်ပွဲဖြစ်ခဲ့တာလို့  KNDF ကနေသိရပါတယ်။

အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က အထိနာခဲ့တာကြောင့် ညပိုင်း ၅ နာရီခွဲလောက်မှာ တိုက်လေယာဉ် ၂ စီးနဲ့ လာရောက်ပစ်ခတ်ခဲ့ပြီး ည ၉ နာရီမှာလည်း နောက်တကြိမ် ထပ်မံလာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။

အဲဒီတိုက်ပွဲဖြစ်မှာ စစ်ကောင်စီဘက်က  အများအပြားထိခိုက်ကျဆုံးပြီး ကရင်နီနဲ့ ပူးပေါင်းမဟာမိတ်တပ်ဘက်က ရဲဘော် ၃ ယောက် မစိုးရိမ်ရဒဏ်ရာရရှိခဲ့တယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) ကနေ သိရပါတယ်။

ဒါ့အပြင် ဒီးမော့ဆိုမြို့နယ်၊ အနောက်ဘက်ခြမ်း၊ ဒေါခူကျေးရွာအုပ်စု၊ ထီးတူးခူကျေးရွာအနီးမှာ စစ်ကောင်စီတပ်ရဲ့ လေထီးတပ် ဆင်းသက်ခဲ့တယ်လို့ သိရပါတယ်။

လိုဘာခိုကျေးရွာအနီး တောင်သူဘက်ကို စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာတာကြောင့် ကရင်နီတပ်မတော် KA နဲ့  KNDF တို့က ခုခံတိုက်ခိုက်ခဲ့ရာက တိုက်ပွဲဖြစ်ပွားရာမှာ  စစ်ကောင်စီတပ်ဘက်က ထိခိုက်မှုရှိသလို မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဘက်က လက်ဖြောင့် သေနတ်သမားတစ်ဦး ကျဆုံးခဲ့ပါတယ်။

ကျဆုံးသွားတဲ့ ရဲဘော်ကို အာဇာနည်သူရဲကောင်းအဖြစ် သမိုင်းမှတ်တမ်းတင် အလေးပြုပါတယ်လို့  KNDF က သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

လွိုင်ကော်မြို့တွင်းတိုက်ပွဲမှာ  စစ်ကောင်စီတပ်က အရပ်သားပြည်သူ ၁၅ ယောက်ထက်မနည်းကို သတ်ဖြတ်ခဲ့တယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF)က ထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီ ၁၆ ရက်ကလည်း လေတပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒီးမော့ဆိုမြို့ အနောက်ဖက်ခြမ်း နန်းမယ်ခုံနဲ့ ဖရူဆိုမြို့အနောက်ဖက်ခြမ်း ရခီးဘူးစစ်ရှောင်စခန်းက ကလေးငယ် ၃ ယောက်နဲ့ ဆေးဝန်ထမ်း ၃ ယောက်  သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ပြည်သူလူထုရဲ့အသက်အိုးအိမ်စည်းစိမ်ကို သက်ညှာထောက်ထားခြင်းမရှိဘဲ ကရင်နီဒေသမှာ  စစ်ရေးအရှိန် တိုးမြှင့်လာနေတာကြောင့် ပြည်သူတွေအနေနဲ့ အသက်လုံခြုံရေးနဲ့ လေကြောင်းရန်က ကာကွယ်နိုင်ဖို့  လုံခြုံရေးဆိုင်ရာ အရေးပေါ်ကြေညာချက်ကို  ကရင်နီပြည်အစိုးရ ပြည်ထဲရေးဝန်ကြီးဌာနက  ထုတ်ပြန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up