close

မန္တလေးတွင် တုံကင်စနစ်ဖြင့် မီတာခပေးဆောင်ရ၊ ပွဲစားများ ပေါ်ပေါက်လာ

မန္တလေးမြို့မှာရှိတဲ့ လျှပ်စစ်ဌာနတွေမှာ မီတာခမဆောင်သူတွေကို မီးဖြတ်တာကြောင့် မီတာခ လာရောက်ပေးဆောင်သူ များပြားလွန်းနေပြီး တုံကင်ယူစနစ်နဲ့ ဆောင်နေကြရာမှာ ပွဲစားတွေလည်း ပေါ်လာသလို ဝန်ထမ်းတွေကို လာဘ်ငွေပေး ဆောင်နေကြသူတွေလည်း ရှိတယ်လို့ မီတာခဆောင်သူတွေဆီက သိရပါတယ်။

မီတာခ လာရောက်ပေးဆောင်သူ များပြားလွန်းတာကြောင့် မန္တလေးတိုင်းအတွင်းမှာရှိတဲ့ မြို့နယ် လျှပ်စစ်ရုံးတွေမှာ တစ်နေ့ကို လူဦးရေ ၅၀၀ နှုန်း နဲ့ တုံကင်ယူစနစ် ပြုလုပ်ထားတယ်လို့ မန္တလေး MESC ရုံးတွေက ထုတ်ပြန်ထားပါတယ်။ 

တုံကင်ယူတဲ့စနစ်ဟာ မနက် အစော ၃ နာရီလောက်ကတည်းက နေရာရအောင် စတင်တန်းစီရပြီး မနက် ၇နာရီခွဲ အချိန်လောက်မှသာ တုံကင်ဝေပေးတာလို့ သိရပါတယ်။  

တုံကင်ယူပြီးတဲ့ အချိန်မှာတော့ စာရင်းပေးသွင်းရတာဖြစ်ပြီး စာရင်းပေးသွင်းပြီးနောက်ရက်မှသာ မီတာခ ဆောင်ခွင့်ရတာဖြစ်ပါတယ်။ 

တုံကင်သက်တမ်းဟာလည်း တစ်ရက်သာ ဆောင်ခွင့်ရတာဖြစ်ပြီး မီတာ နာမည်တစ်ခုကို တစ်ယောက်သာ ပေးဆောင်ခွင့်ရတယ်လို့ မီတာခဆောင်သူတွေကပြောပါတယ်။

ဒါ့အပြင် မီတာခဆောင်ဖို့ တုံကင်နံပါတ်တွေကို နေရာဦးပြီး ပွဲစားနဲ့ တစ်ကတ်ကို ငွေကျပ် ၅၀၀၀ နှုန်းနဲ့ ရောင်းချတာတွေရှိသလို လျှပ်စစ်ရုံးအတွင်းက ဝန်ထမ်းတွေကိုလည်း တုံကင်မရပေမဲ့ မီတာ တစ်လုံးစာကို ငွေကျပ် ၅၀၀၀ နှုန်းနဲ့ လာဘ်ထိုးပြီး ဆောင်ခွင့်ရတယ်လို့လည်း  မီတာဆောင်သူတွေက ပြောပါတယ်။

“မီတာ ဆောင်ဖို့ မနက် ၅ နာရီတည်းက တန်းစီနေတာ တကယ်ဝေတော့ ၅၀၀ ပြည့်အောင် တုံကင်ကို မဝေဘူး။ လူတွေကလည်း ကြိတ်ကြိတ်တိုးနေတာပဲ။ မဆောင်လို့မှ မဖြစ်တော့တာ မီတာတွေ လိုက်ဖြုတ်တော့၊ ကိုယ့်အိမ်မီး မလာတော့ ဆောင်ရတာပေါ့”လို့ မီတာ လာရောက်ဆောင်သူ တစ်ဦးက ပြောပါတယ်။ 

မနက်အစောထလာရတာနဲ့ အလုပ်မအားတဲ့သူတွေကတော့ လျှပ်စစ်ရုံးက ဝန်ထမ်းတွေကို ငွေကြေးပေးပြီး ဆောင်ကြသလို တုံကင်ဝယ်ယူတာတွေလည်းရှိတယ်လို့ သိရပါတယ်။ 

မီတာခ မဆောင်လို့ မီးဖြတ်ခံရတဲ့ လုပ်ငန်းရှင်တွေအနေနဲ့ မီတာခ သွားရောက်ပေးဆောင်ပေမယ့်လည်း ချမ်းမြသာစည်မြို့နယ်ထဲမှာ ပြန်လည် တပ်ဆင်ပေးဖို့ ငွေကျပ် ၃ သောင်းပေးဆောင်ရပြီး ချမ်းအေးသာစံမြို့နယ်မှာတော့ မီတာခ သွားရောက်ဆောင်ပြီး နောက်ရက်မှ ၃သောင်းကျပ် ပေးဆောင်စရာမလိုဘဲ ပြန်လည် တပ်ဆင်ပေးတယ်လို့ မီတာခ ဆောင်တဲ့ လုပ်ငန်းရှင်တွေဆီကသိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up