close

ဂျပန်နိပွန်ဖောင်ဒေးရှင်းက Covaxin အမှတ်တံဆိပ် ကိုဗစ်-၁၉ ကာကွယ်ဆေး ၂ သန်းလှူဒါန်း

ဂျပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်းက Covaxin အမှတ်တံဆိပ် ကိုဗစ်-၁၉ ကာကွယ်ဆေး ၂ သန်းလှူဒါန်းထားပြီး ဇန်နဝါရီ ၂၄ ရက်မှာ ဒုတိယအသုတ်အနေနဲ့ ၁ သန်း ထပ်မံရောက် ရှိလာတယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ ရက်ကတော့ ပထမအသုတ်အနေနဲ့ ကာကွယ်ဆေး ၁ သန်း ရောက်ရှိခဲ့ပြီး ဖြစ်ပါတယ်။

စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့တော့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဝယ်ယူခြင်းမှ ၄၅ သန်းနဲ့ လှူဒါန်းမှုမှ ၁၅ သန်းကျော်၊ စုစုပေါင်းသန်း ၆၀ ကျော် ရရှိပြီးဖြစ်တယ်လို့ ဆိုပါတယ်။

လတ်တလောအချိန်ထိ မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်ကောင်စီက တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ဦးတည်အုပ်စုတွေအလိုက် ထိုးနှံပေးနေပြီး ဇန်နဝါရီ ၂၂ ရက်အထိ ကာကွယ်ဆေး ၁ ကြိမ် ထိုးနှံပြီးသူ ၃ ဒသမ ၄၉ သန်းကျော်၊ ၂ ကြိမ် အပြည့်ထိုးနှံပြီးသူ  ၁၈ ဒသမ ၂၅ သန်းကျော်နဲ့ စုစုပေါင်း ၂၁ ဒသမ ၇၄ သန်းကျော်ရှိခဲ့ပြီလို့ ဖော်ပြထားပါတယ်။

ဒါပေမဲ့ မြန်မာပြည်သူတွေကြားမှာတော့ စစ်ကောင်စီကို မယုံကြည်ကြတာ မို့ ကာကွယ် ဆေး သွားရောက်ထိုးနှံသူအရေအတွက်ဟာ နည်းပါးတယ်လို့ သိရပါတယ်။ အာဏာသိမ်း စစ်ခေါင်းဆောင်ကတော့ ၂၀၂၁ နှစ်ကုန်မှာ မြန်မာနိုင်ငံ လူဦးရေရဲ့ ၅၀ ရာ ခိုင်နှုန်းကျော်ကို ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးနိုင်မယ်လို့ ပြောထားတာပါ။

ဒါ့အပြင် လတ်တလော မြန်မာနိုင်ငံမှာ SARS-CoV-2 Variant Omicron (အိုမီခရွန်) ရောဂါ ပိုးတွေ့လူနာ ၁၈၃ ယောက်ထိ ရှိလာခဲ့ပြီဖြစ်တယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up