ယူကရိန်းနယ်စပ်တွင် ရုရှား စစ်အင်အားတိုးချဲ့နေချိန်တွင် ဖင်လန်အစိုးရ စစ်ရေးအသင့်ပြင်

ရုရှားက ယူကရိန်းနယ်စပ်နားမှာ စစ်အင်အားတိုးချဲ့နေလို့ နိုင်ငံတကာတင်းမာမှု မြင့်နေချိန်မှာ ဖင်လန်အစိုးရကလည်း စစ်ရေးအသင့်ဖြစ်ဖို့ ပိုတိုးပြီး ပြင်ဆင်နေပါတယ်။
ဒီသီတင်းပတ်နဲ့ နောက်သီတင်းပတ်အတွင်း ဟယ်လ်ဆင်းကီးနဲ့ မြို့တော်ဝန်းကျင်ဒေသတွေမှာ စစ်ရေးလေ့ကျင့်တာတွေ ဆက်လုပ်မယ်လို့ ဖင်လန်စစ်တပ်က ဇန်နဝါရီ ၂၅ ရက်မှာ ကြေညာပါတယ်။
စစ်ရဲတွေကလည်း မြို့တော်ရှိ ကျောင်းအဆောက်အအုံအဟောင်းတခုထဲမှာ စစ်ရေး လေ့ကျင့်ခဲ့ပါတယ်။ နေတိုးအဖွဲ့ဝင် မဟုတ်တဲ့ ဖင်လန်ဟာ ရုရှားနဲ့ ရှည်လျားတဲ့ နယ်စပ်ချင်း ထိကပ်နေပြီး ရုရှားနဲ့ပတ်သက်တဲ့ ခက်ခဲတဲ့ သမိုင်းကြောင်းလည်း ရှိပါတယ်။
ဒါပေမဲ့ ဖင်လန်အစိုးရက သူ့ရဲ့ စစ်ရေးအသင့်ဖြစ်မှုကို ဘယ်လို အပြောင်းအလဲ လုပ်ထားတယ် ဆိုတဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မပြောခဲ့ပါဘူး။
ရုရှားဟာ ယူကရိန်းနယ်စပ်နားမှာ ထောင်သောင်းချီတဲ့ တပ်တွေ တပ်ချထားပေမဲ့ အိမ်နီးချင်း ယူကရိန်းကို တိုက်ခိုက်ဖို့ ပြင်ဆင်နေတာ ဆိုတဲ့စွဲချက်ကိုတော့ ငြင်းထားပါတယ်။
ရုရှားကို တုံ့ပြန်တဲ့အနေနဲ့ နေတိုး မဟာမိတ်အဖွဲ့ကလည်း ဘောလ်တစ်ပင်လယ်နဲ့ ပိုလန်နိုင်ငံထဲမှာ နိုင်ငံပေါင်းစုံကတပ်တွေ ပါတဲ့ စစ်သည်အင်အား ၄၀၀၀ လောက် တပ်ချထားပြီး နောက်ထပ် တပ်အင်အားတိုးဖြည့်ဖို့ စဉ်းစားနေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။