close

NUCC ပထမဆုံးအကြိမ် ပြည်သူ့ညီလာခံ စတင်မည်

ကြားကာလ ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေ အစီအမံတွေ အပါအဝင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကို ထပ်မံ အတည်ပြုဖို့ရှိတဲ့ ပြည်သူ့ညီလာခံကို  အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)က  ဇန်နဝါရီ ၂၇ ရက် မနက် ၉ နာရီ စတင်ကျင်းပဖို့ ရှိနေပါတယ်။ 

အဲဒီညီလာခံမှာ လုပ်ငန်းစဉ် ၃ ရပ်ဖြစ်တဲ့ NUCC ကို တိုးချဲ့ ဖွဲ့စည်းခြင်း၊ ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ် အစိတ်အပိုင်း ၁ နဲ့ ကြားကာလဖွဲ့စည်းပုံ အခြေခံဆိုင်ရာအစီအမံတွေကို အတည်ပြုခြင်း အပါအဝင် NUCC မှ ဖွဲ့စည်းထားပေးထားတဲ့  NUG ကို ထပ်မံ အတည်ပြုသွားမှာဖြစ်ပါတယ်။

NUCCကို ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေနဲ့ အာဏာသိမ်းမှုကို ဆန့်ကျင်ကြတဲ့ အဖွဲ့အစည်းတွေအပါအဝင် စုစုပေါင်း ၂၈ ဖွဲ့နဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။

NUCC မှာ  လတ်တလော တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့ပါဝင်ပြီး  ကရင်အမျိုးသားအစည်းအရုံး(KNU) ၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ကရင်နီ တိုးတက်ရေးပါတီ(KNPP) အဖွဲ့ ၃ ဖွဲ့ကိုသာ အမည် ထုတ်ပြောဆိုထားကာ ကျန် ၅ ဖွဲ့ကတော့ အမည်ထုတ်ဖော်ပြောဆိုခဲ့တာမရှိသေးပါဘူး။

ပြည်သူ့ညီလာခံကို ၆ လတစ်ကြိမ် ပြုလုပ်နိုင်ဖို့အစီအစဉ်ရှိပြီး  အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC ရဲ့ ပထမဆုံး သတင်းစာရှင်းလင်းပွဲကိုတော့ ပြီးခဲ့တဲ့  နိုဝင်ဘာ ၁၆ ရက်က အွန်လိုင်းကနေ  ပြုလုပ်ခဲ့ပါတယ်။

ပြည်သူ့ညီလာခံကို ဒီဇင်ဘာလထဲမှာ ခေါ်ယူကျင်းမယ်လို့ သတင်းစာရှင်းပွဲမှာNUCC တာဝန်ရှိသူတွေကပြောဆိုခဲ့ပေမဲ့ အခု ဖေဖော်ဝါရီလမှ ကျင်းပနိုင်တာဖြစ်ပါတယ်။

အဲဒီညီလာခံမှာ ပါဝင်လာဖို့ စစ်အာဏာရှင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ လိုလားတဲ့ အင်အားစုတွေကို ဖိတ်ခေါ်သွားမယ်လို့လည်း သတင်းစာရှင်းပွဲမှာ NUCC တာဝန်ရှိသူတွေက ပြောကြားထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up