close

ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီဂိတ်စခန်းတိုက်ခိုက်ခံရပြီး ၅ ဦး သေဆုံး

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်ကျေးရွာလမ်းခွဲရှိ စစ်ကောင်စီဂိတ်စခန်းကို ဇန်နဝါရီ ၂၈ ရက် နေ့လယ် ၂ နာရီခွဲလောက်မှာ ဝင်ရောက် တိုက်ခိုက်ခံရတယ်လို့ ကေအန်ယူ တပ်မဟာ(၁) တာဝန်ရှိသူတွေနဲ့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။

အဲဒီစစ်ကောင်စီဂိတ်စခန်းကို ကေအန်ယူလက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA တပ်မဟာ(၁) ၊ တပ်ရင်း(၃) နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေး PDF ပူးပေါင်းအဖွဲ့က သွားရောက် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ၅ ယောက်သေဆုံးပြီး ၂ ယောက် အပြင်အထန် ဒဏ်ရာရရှိခဲ့ကာ KNLA ပူးပေါင်းအဖွဲ့က ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ ကေအန်ယူ တပ်မဟာ(၁) သထုံခရိုင်အတွင်းရေးမှူး ပဒိုစောစိုးမြင့်က ပြောပါတယ်။

ဒေသခံတွေအဆိုရ စစ်ကောင်စီဂိတ်စခန်းတိုက်ခိုက်ခံရပြီး နာရီပိုင်းအကြာမှာပဲ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက စစ်ကောင်စီအလောင်းတွေကို လာရောက် ကောက်ယူသွားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဇန်နဝါရီ ၂၈ ရက် ညနေ ၄ နာရီလောက်မှာလည်း  ကျိုက်ထိုမြို့နယ်၊ ကျောက်ဖျားကျေးရွာအနီးမှာ KNLA ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ဖြစ်ပြီး၊ နှစ်ဖက်ထိခိုက်မှု အခြေအနေ အသေးစိတ် မသိရသေးပါဘူး။

ကျိုက်ထိုမြို့နယ်မှာတော့ ဇန်နဝါရီ ၂၅ ရက်ကစပြီး  KNLA ၊ PDF ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲ ဖြစ်ပွားနေတာဖြစ်ပြီး၊ အဲဒီတိုက်ပွဲကြောင့် ဒေသခံ ၁၀၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရတာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up