ခင်ဦးမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ရွာသစ်ကုန်းအနီးမှာ ဖေဖော်ဝါရီ ၁ ရက်နေ့ ညနေ ၄ နာရီလောက်က စစ်ကောင်စီ စစ်ကြောင်းတစ်ခုကို ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီစစ်ကြောင်းဟာ ရေဦးမြို့နယ်ကနေ မူးမြစ်ကို ဖြတ်ကူးပြီး လမ်းခုလပ်တနေရာမှာ မိုင်းဆွဲခံရတာလို့ ဆိုပါတယ်။
“သူတို့သွားနေကျလမ်းပဲ။ သူတို့က ရွာသစ်ကုန်းရွာမှာ ယာယီတပ်စခန်းချပြီး ရေဦးမြို့နယ်နဲ့ ကျနော်တို့ ခင်ဦးမြို့နယ်ကို လိုက်မွှေနေတဲ့ကောင်တွေဗျ။ သူတို့ ရေဦးမြို့နယ်ကနေ အင်အား ၈၀ နီးပါးလောက်ရှိမယ်၊ ကျနော်တို့ ခင်ဦးဘက် ပြန်လာကြတာ။ အဲဒီလိုပြန်လာရင်း မိုင်းဆွဲခံရတာ။ သေဆုံးတာတွေလည်း ရှိတယ်၊ ဒဏ်ရာရသူတွေလည်း ရှိတယ်ဗျ။ အတိအကျတော့ မပြောနိုင်ဘူး” လို့ ရွာသားတစ်ယောက်က ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ စစ်ကိုင်းတိုင်းကို ထိန်းချုပ်နိုင်ဖို့ နည်းလမ်းအမျိုးမျိုးနဲ့ ကြိုးစားနေပြီး ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက တိုက်ခိုက်တာကြောင့် အကျအဆုံးများပါက တိုက်ပွဲဖြစ်ပွားရာအနီးတဝိုက်က ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်ပါတယ်။
ဖေဖော်ဝါရီ ၁ ရက်နေ့ ညနေပိုင်းကလည်း စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်တွေက မိုင်းဆွဲလို့ စစ်ကောင်စီဘက်က အထိနာနေပြီး ကျေးရွာနေအိမ်တွေကို မီးရှို့မှာ စိုးရိမ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်အား မိုင်းဆွဲတိုက်ခိုက်မှုမှာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဘက်က အကျအဆုံး မရှိဘူးလို့ သိရပါတယ်။