close

ဂျပန်နှင့် ဆက်ဆံရေးတိုးမြှင့်ရန် ဂျပန်နိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ်ခန့်အပ်

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်အဖြစ် ဂျပန်ရောက် မြန်မာ့အရေးလှုပ်ရှားသူ ကရင်တိုင်းရင်းသားတစ်ဦးဖြစ်တဲ့ စောဘလှသိန်းကို NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ခန့်အပ်တာဝန်ပေး အပ်လိုက်ပါတယ်။

ဂျပန်နိုင်ငံနဲ့ ဆက်ဆံရေးတိုးမြှင့်ဆောင်ရွက်နိုင်ဖို့၊ ဂျပန်နိုင်ငံရောက်မြန်မာနိုင်ငံသားတွေ ပူးပေါင်းဆောင်ရွက်နိုင်ကြစေဖို့၊ ဂျပန်နိုင်ငံရောက်မြန်မာနိုင်ငံသားတွေ တွေ့ကြုံနေရတဲ့ အခက်အခဲတွေကို ကူညီဖြေရှင်းနိုင်ဖို့ ရည်ရွယ်ခန့်အပ်တာလို့ သိရပါတယ်။

ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်အဖြစ် ခန့်အပ်ခံရသူ စောဘလှသိန်းက “အနှစ် ၇၀ ကျော်ကြာ အကြမ်းဖက် ဗိုလ်ကျနေတဲ့စစ်အုပ်စုကို အပြီးတိုင် အမြစ်ဖြတ်ကာ အမြန်ဆုံး ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်လာရေးအတွက် ဂျပန်အစိုးရနဲ့ အမျိုးသားညီညွတ်ရေး အစိုးရကြားမှာ ဂျပန်ရောက်မြန်မာနိုင်ငံသားတွေနဲ့လက်တွဲပြီး ပေးအပ်မယ့် တာဝန်တွေကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးပမ်းသွားမယ်။ တာဝန်လည်းကြီးပါတယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။

အခုလိုအခြေအနေ မြန်မာ့အရေးမှာ အရေးပါတဲ့နိုင်ငံတခုဖြစ်တဲ့ ဂျပန်နိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ် ခန့်အပ်တာဝန်ပေးတာဟာ ဂျပန်အစိုးရအပေါ် ထိရောက်တဲ့ထိတွေ့ ဖိအားပေးတိုက်တွန်းမှုတွေလုပ်နိုင်ကာ အာဏာသိမ်းစစ်အုပ်စု အမြန်ချုပ်ငြိမ်းရစေမယ့် အကျိုးတွေ အလျှင်အမြန်ရနိုင်ဖို့ မျှော်လင့်တာမို့ ကြိုဆိုတယ်လို့ တိုကျိုမြို့မှာနေထိုင်တဲ့ မြန်မာ့အရေးလှုပ်ရှားသူ သတင်းစာဆရာတဦးဖြစ်တဲ့  ဦးစိန်မြင့်အောင်က ပြောပါတယ်။

စောဘလှသိန်းဟာ ဂျပန်နိုင်ငံမှာ မြန်မာ့အရေးကို တက်ကြွစွာဆောင်ရွက်နေသူတစ်ဦးဖြစ်ပြီး    Karen National League (Japan) K.N.L, Karen Information Space (Japan) K.I.S, Karen National Foundation (Japan) K.N.F, Association of United Nationalities in Japan (AUN), Refugees Coordination Committee Japan (RCCJ), စတဲ့ အဖွဲ့အစည်းတွေကိုလည်း တည်ထောင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up