ပြည်မြို့တွင် အမျိုးသမီး ၁ ဦးကို ဧည့်စာရင်းစစ်မည်ဟု အကြောင်းပြပြီး စစ်တပ်က ဖမ်းဆီး

ပဲခူးတိုင်း၊ ပြည်မြို့၊ တရုတ်စုရပ်ကွက်၊ ၀က်တိုးဘုရားလမ်းနေ အမျိုးသမီးတယောက်ကို ဖေဖေါ်ဝါရီ ၃ ရက် ည ၁၁ နာရီလောက်မှာ စစ်ကောင်စီတပ်သားတွေက ဧည့်စာရင်းစစ်မယ်ဆိုပြီး အိမ်ကို ဝင်ရောက်ရှာဖွေ ဖမ်းဆီးသွားတယ်လို့ ဒေသခံထံက သိရပါတယ်။
အဖမ်းခံရသူဟာ မမုန်း ဖြစ်ပြီး သူ့ကို မနေ့ညပိုင်းမှာ စစ်ကောင်စီက စစ်ကား၊ ရဲကား ၃ စီးနဲ့ လာရောက် ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပါတယ်။
ဖမ်းဆီးခံရသူနဲ့နီးစပ်တဲ့ ဒေသခံတဦးက “ရဲမေတွေလဲအများကြီးပါတယ်။ ဘယ်ခေါ်သွားမှန်းတော့ မသိသေးဘူး။ နိုင်ငံရေးတော့မလုပ်ပါဘူး။ ဖေ့စ်ဘွတ်ခ်မှာများ တင်မိလို့လားမသိပါဘူး။ သူ့အမျိုးသားက ကိုဗစ်နဲ့သေသွားတာ အခု သူ့အိမ်မှာက သူ့သမီးလေး တယောက်ပဲကျန်ခဲ့တယ်” လို့ ပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ ဖေ့စ်ဘွတ်လူမှုကွန်ရက်တွေကို စောင့်ကြည့် ဖမ်းဆီးအရေးယူတာတွေကို အခုရက်ပိုင်းမှာဆက်တိုက်ပြုလုပ်နေတာဖြစ်ပါတယ်။
ပြည်ခရိုင်ထဲမှာလည်း အခုရက်ပိုင်း နေ့စဉ်ဖမ်းဆီးနေပြီး ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ ၂ ရက်ကလည်း ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မြို့က အမျိုးသား ၆ ယောက်နဲ့ အမျိုးသမီး ၂ ယောက်ကိုလည်း PDF တွေနဲ့ ဆက်သွယ်တယ်လို့စွပ်စွဲ ဖမ်းဆီးသွားကာ ဒီနေ့အထိ ဘယ်ကိုခေါ်သွားတယ်ဆိုတာကို စုံစမ်းလို့မရသေးဘူးလို့ မိသားစုဝင်တွေက ပြောပါတယ်။