close

ဖာပွန်ခရိုင်တွင် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲ၊ အရပ်သား ၂ ဦး သေဆုံးပြီး ၃ ဦးဒဏ်ရာရ

ကေအန်ယူ  တပ်မဟာ ၅ နယ်မြေ၊ ဖာပွန်(မူတြော်)ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ မာထောအုပ်စု၊ တဒွံခို့ကျေးရွာကို ဖေဖော်ဝါရီ ၄ ရက် မနက် ၁ နာရီလောက်က စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

လေကြောင်းကနေ ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့တဲ့အတွက် ဒေသခံ ရွာသား ၂ ဦးသေဆုံးပြီး ကလေးငယ်အပါအဝင် ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သလို လူနေအိမ် ၁ လုံးမီးလောင်ကျွမ်းခဲ့ပြီး ၃ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) က သတင်းထုတ်ပြန်ထားပါတယ်။

အဆိုပါတိုက်ခိုက်မှုမှာ အသက် ၅၆ နှစ်အရွယ် အမျိုးသားတယောက်နဲ့ အသက် ၅၈ နှစ်အရွယ် အမျိုးသမီး တယောက်သေဆုံးပြီး အသက် ၇ နှစ်အရွယ်ကလေး တယောက်အပါဝင် ၆ ယောက် ဒဏ်ရာရတယ်လို့ ဒေသခံတွေနဲ့ နီးစပ်သူက ပြောပါတယ်။

အလားတူ ဇန်နဝါရီ ၃၀ ရက် ညပိုင်းကလည်း လေကြောင်းကနေ ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် ဒေသခံတွေ ထိခိုက်မှုမရှိပေမယ့်  လူနေအိမ် ၂ လုံး ပျက်စီးသွားခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂၉ ရက်က တပ်မဟာ ၅ နယ်မြေ၊ ဖာပွန်(မူတြော်)ခရိုင်အတွင်း စစ်အုပ်ချုပ်ရေးယန္တရား လည်ပတ်နေတာတွေရပ်တန့်ဖို့  ဌာနဆိုင်ရာဝန်ထမ်းတွေကို  ဖေဖော်ဝါရီ ၁၀ ရက်နောက်ဆုံးထားပြီး ရေလမ်းကနေ မိမိတို့​နေရပ်ပြန်ဖို့ တပ်မဟာ ၅ စစ်ချုပ်ရုံးက  သတိပေးထုတ်​ပြန်ခဲ့ပြီးနောက်ပိုင်း အရပ်သားပြည်သူတွေကိုပါ ပစ်မှတ်ထားတိုက်ခိုက်လာတာလို့ ကေအန်ယူ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ကေအန်ယူ ထိန်းချုပ်နယ်မြေတွေဖြစ်တဲ့ တပ်မဟာ  ၁၊ ၂၊ ၃၊ ၄၊ ၅ နဲ့ ၆ နယ်မြေတွေမှာ နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားနေသလို တပ်မဟာ ၅  အတွင်း စစ်ကောင်စီတပ်တွေက စစ်ရေးလှုပ်ရှားမှုတွေ ပိုမိုလုပ်ဆောင်လာတဲ့အတွက် မြေပြင်တိုက်ပွဲတွေ ပိုမိုပြင်းထန်လာခဲ့တဲ့အပြင် ဝေဟင်ကနေ လေကြောင်းပစ်ခတ်မှုတွေပါ ပြုလုပ်နေတာကြောင့် သောင်းချီတဲ့ ဒေသခံတွေ နီးစပ်ရာ တောတောင်တွေထဲနဲ့ ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

Photo-KNU (မူတြော်)

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up