close

ဘီးလင်းမြို့နယ်၌ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်၊ အရပ်သား ၂ ဦး ဒဏ်ရာရ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်မှာ စစ်ကောင်စီအမြောက်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့  အရပ်သား ပြည်သူ ၂ ယောက် ကျည်ဆန်စထိမှန် အပြင်းထန် ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၁) တာဝန်ရှိသူတွေက  ဒီဗွီဘီကို ပြောပါတယ်။

ဖေဖော်ဝါရီ ၃ ရက် နေ့လယ်ပိုင်းမှာ ဘီးလင်းမြို့နယ်၊ ဇီးဝန်းကျေးရွာရှိ စစ်ကောင်စီအမြောက်တပ်၊ သထုံမြို့နယ် ပိန္နဲတောတပ်စခန်း အမှတ်(၉) အမြာက်ကုန်းကနေ ကျေးရွာတွေထဲကို လက်နက်ကြီး အချက်ပေါင်း ၄၀ ထက်မနည်း ပစ်ခတ်ခဲ့တာပါ။

စစ်ကောင်စီဘက်က ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးကျည် ၂ လုံးဟာ ဘီးလင်းမြို့နယ် မိကျောင်းအိုင်ကျေးရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့လို့ နေအိမ်တစ်လုံး ထိမှန် ပျက်စီးခဲ့ပြီး ၊ အရပ်သားပြည်သူ ၂ ဦး ပြင်းထန် ဒဏ်ရာရှိခဲ့တာပါ။

လက်နက်ကြီးထိမှန်ခဲ့လို့ မိကျောင်းအိုင်ကျေးရွာနေသူ စောလာခူး ဘယ်ဘက်လက် ပြတ်တောက် ဒဏ်ရာ၊ နော်ဘိုထူးမှာ ပေါင်ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ KNU တပ်မဟာ (၁) တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်တွေဟာ ဘီးလင်းမြို့နယ် ရွှေကျင်၊ နောင်ကတုတ်၊ ရွှေရောင်ပြ၊ ဖားပိန်နဲ့ ကဒီပုကျးရွာတွေ အနီးဝန်းကျင်မှာ ကျရောက်ပေါက်ကွဲခဲ့ပေမယ့် ဒေသခံပြည်သူတွေ ထိခိုက်ဒဏ်ရာရတာတော့ မရှိဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ မနေ့တုန်းက ဘီးလင်းမြို့နယ်ရှိ ရန်ကုန်-မော်လမြိုင်ကားလမ်းနဲ့ သိမ်ဆိပ်-လေးကေကားလမ်း ၂ နာရီကျော်ကြာ ပိတ်ထားခဲ့ရပြီး ခရီးသွားကား ရာနဲ့ချီပြီး ပိတ်ဆို့မှု ဖြစ်ပေါ်ခဲ့ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) ထိန်းချုပ်နယ်မြေ သထုံခရိုင်မှာတော့ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA တို့ မကြာခဏဆိုသလို တိုက်ပွဲ ဖြစ်ပွားနေပြီး လက်ရှိမှာလည်း  စစ်ရေးတင်းမာနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up