ကြောင်ကိုနှိပ်စက်ခဲ့သည့် ဝက်စ်ဟမ်းနောက်ခံလူ ဇူးမားကို ပွဲပယ်နှင့် ဒဏ်ကြေးချမှတ်

အိမ်မွေးကြောင်ကို ကန်ကြောက်ရိုက်နှက်ခဲ့တဲ့ နောက်ခံလူ ဇူးမားကို ဝက်စ်ဟမ်းအသင်းက ဒဏ်ငွေနဲ့ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။
ပြင်သစ်နောက်ခံလူ ဇူးမားဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အက်ဖ်အေဖလားပွဲစဉ်အပြီး နေအိမ်မှာ ကြောင် ၂ ကောင်ကို ကန်ကြောက်ရိုက်နှက်ခဲ့တာပါ။
ဇူးမားဟာ နေအိမ်မီးဖိုချောင်ထဲမှာ ကြောင်တစ်ကောင်ကို ခြေထောက်နဲ့ ကန်ခဲ့ပြီးနာက် ကြောင် ၂ ကောင်စလုံးကို ဖိနပ်နဲ့ပစ်ပေါက်တာ၊ လက်နဲ့ရိုက်တာတွေလည်း လုပ်ခဲ့တာပါ။
အဲဒီလို လုပ်နေတာကို နေအိမ်က လူတစ်ဦးက ဗွီဒီယိုရိုက်ပြီး ဆိုရှယ်မီဒီယာမှာ ဟာသလုပ်ပြီး တင်ခဲ့ပါတယ်။
လူတွေက ကြည့်ရူအပြီးမှာတော့ တိရစ္ဆာန် ညှဉ်းပန်းနှိပ်စက်တဲ့ အပြုအမှုဖြစ်ခဲ့တာကြောင့် ဇူးမားကို ဝိုင်းဝန်းဝေဖန်ပြစ်တင်ခဲ့ကြပါတယ်။
ဇူမားက ဗွီဒီယိုကို ပြန်ဖျက်ပြီး တောင်းပန်စာ ထုတ်ပြန်ခဲ့ပေမယ့် တိရစ္ဆာန်ချစ်သူတွေနဲ့ ပြုစုစောက်ရှောက်တဲ့ အဖွဲ့အစည်းတွေဘက်က ကျေနပ်မှုမရှိခဲ့ပါဘူး။
ဗြိတိန်က တိရစ္ဆာန်ကူညီစောင့် ရှောက်ရေးအဖွဲ့ဟာ ဇူးမားရဲ့နေအိမ်အထိ လာရောက်စစ်ဆေးခဲ့ပြီး ကြောင် ၂ ကောင်ကို စောင့်ရှောက်ဖို့ ခေါ်ဆောင်ခဲ့ပါတယ်။
ဝက်စ်ဟမ်းအသင်းဘက်ကလည်း ဇူးမားကို ပေါင် ၂ သိန်း ၅ သောင်း ဒဏ်ရိုက်ခဲ့ပြီး တစ်ပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။
ပြင်သစ်နိုင်ငံရေးသမားတစ်ဦးကတော့ ပြင်သစ်ဥပဒေတွေအရ ဇူးမားကို ထောင်ဒဏ် ၄ နှစ်နဲ့ ငွေဒဏ် ၅ သောင်းအထိ ပြစ်ဒဏ်ချမှတ်နိုင်တယ်လို့ ပြောပါတယ်။
သူ့ကို လက်ရွေးစင်အသင်းက မရွေးချယ်ဖို့လည်း တောင်းဆိုကြပြီး Adidas ကုမ္ပဏီကတော့ ဇူးမားနဲ့ စပွန်ဆာစာချုပ်ဖျက်သိမ်းခဲ့ပါတယ်။