ဖားကန့်မြို့နယ် စစ်ကောင်စီရုံးစိုက်ရာနေရာများအနီး ဗုံးသုံးကြိမ် ပေါက်ကွဲ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် စစ်ကောင်စီရုံးစိုက်ရာ နေရာအနီးတွေမှာ ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့က ဗုံးပေါက်ကွဲမှု သုံးကြိမ်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဖားကန့်မြို့ စစ်ကောင်စီရုံးစိုက်ရာ ထွေအုပ်ရုံးအနီးမှာ မနက်ပိုင်းက ၂ ကြိမ်နဲ့ Jade city ဗျူဟာကုန်း အနီးမှာ တစ်ကြိမ် တစ်နေ့တည်း သုံးကြိမ် ပေါက်ကွဲခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
“မနက် ၇ နာရီမထိုးခင်လေးမှာ ထွေအုပ်ရုံးနားမှာ နှစ်ကြိမ်ပေါက်တယ်။ နေ့လယ် ၁ နာရီလောက်ကျတော့ မြို့ထဲ jade city အနီး ဗျူဟာကုန်းမှာ တစ်ကြိမ် ထပ်ပေါက်တယ်။ ဒီနေ့ တစ်ရက်တည်း သုံးကြိမ်ပေါက်တယ်။ အသံကတော့ အတော်ကျယ်တယ်။ အိမ်တောင်တုန်သွားတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဗုံးပေါက်ကွဲခဲ့တဲ့အတွက် လူထိခိုက် ဒဏ်ရာရတာမရှိဘဲ ပေါက်ကွဲမှုဖြစ်ပွားတဲ့နေရာ အနီးနားမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လမ်းပိတ်ဆို့ စစ်ဆေးနေတယ်လို့ ဆိုပါတယ်။
ဖားကန့်မြို့နယ်မှာ ဗုံးပေါက်ကွဲတာတွေ မကြာခဏဖြစ်ပွားနေပြီး စစ်အာဏာရှင် စနစ်ကျရှုံးရေးအတွက် ဒေသခံပြည်သူရာနဲ့ချီကလည်း နေ့စဉ်နီးပါး ဆန္ဒပြနေကြပါတယ်။