လှိုင်သာယာတွင် စစ်တပ်လှည့်ကင်းကား အဝေးထိန်းဗုံးဖြင့် ဖောက်ခွဲခံရ

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်အနောက်ပိုင်းမှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်ရဲ့ ကား ၁ စီး ဖေဖော်ဝါရီ ၁၂ ရက် မနက် ၅ နာရီကျော်က ဗုံးနဲ့ တိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
“မနက် အစောကြီး ပေါက်ကွဲသံ ၂ ခါ ကြားရတာ၊ အသံအတော်ကျယ်တယ်၊ စစ်ကောင်စီက လုံခြုံရေးလှည့်ကင်းကား ဗုံးပစ်ခံရတာ” လို့ ဒေသခံ တယောက်က ပြောပါတယ်။
အဆိုပါ လှည့်ကင်းကားကို ဒီနေ့ မနက် အစော ၅ နာရီ ၁၀ မိနစ်လောက်က အဝေးထိန်း ဗုံး ၂ လုံးနဲ့ လှိုင်သာယာမြို့နယ် အနောက်ပိုင်း တပ်ရင်း ၉ သွားရာ လမ်းမှာ From Zero To Hero(ZTH) အဖွဲ့နဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ Black Engle Ranger (BER)က ထုတ်ပြန် ထားပါတယ်။
ဗုံးပစ်တိုက်ခိုက်မှုကြောင့် လှည့်ကင်းကား တစ်စိတ်တပိုင်း ထိခိုက်ခဲ့ကာ နောက်ကြောင်းပြန်လှည့် သွားရတယ်လို့ သိရပါတယ်။
ရန်ကုန်မှာ ဖေဖော်ဝါရီ ၁၁ ရက် ည ၇ နာရီ ကျော်ကလည်း အင်းစိန်မြို့နယ်မှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သလို ကြည့်မြင်တိုင်၊ မရမ်းကုန်းမြို့နယ်တွေမှာလည်း ညပိုင်းမှာ ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။